သမ္မတ ဦးသိန်းစိန်ကို ဂုဏ်ပြုသည့် သီချင်း လွှင့်ထုတ်
DVB
·
February 20, 2013
ရွှေသံလွင် ကုမ္ပဏီပိုင် စကိုင်းနက်ရုပ်သံလုပ်ငန်းဟာ သမ္မတ ဦးသိန်းစိန်ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ “အနာဂတ် ထာဝရ အလင်းရှင်” ဆိုတဲ့ သီချင်းကို သတင်းဦးစားပေး Up-to-Date ချယ်နယ်ကနေ ပုံမှန်ထုတ်လွှင့်နေကြောင်း ရုပ်သံကြည့်ရှုသူတွေက ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် လုပ်ကိုင်ဆောင်ရွက် အကောင်အထည်ဖော်မှုတွေကို ချီးကျူးထားတဲ့ ဒီသီချင်းကို ကိုလတ် (Oasis) က ရေးသားပြီး အဆိုတော် ကျော်သီဟ က သီဆိုထားတာ ဖြစ်ပါတယ်။
စကိုင်းနက်ရဲ့ Up-to-Date ချန်နယ်လ်နဲ့ skynet music ချန်နယ်လ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ သီချင်းတွေကို ထုတ်လွှင့်ဖူးပေမယ့် သမ္မတ ဦးသိန်းစိန်ကို ဂုဏ်ပြုတဲ့ သီချင်း ရိုက်ကူးထုတ်လွှင့်တာကတော့ ဒါ ပထမဦးဆုံး ဖြစ်ပါတယ်။
စကိုင်းနက် ကုမ္ပဏီပိုင်ရှင် ရွှေသံလွင် ဦးကျော်ဝင်းဟာ သမ္မတ ဦးသိန်းစိန် ခရီးစဉ်တွေမှာ ပုံမှန်လိုက်ပါလေ့ရှိပြီး ခရီးစဉ်တစ်လျှောက် စကိုင်းနက် ဂြိုဟ်တု ရုပ်သံဖမ်းစက်တွေကို ပေးလှူလေ့ရှိသူ ဖြစ်ပါတယ်။