တိုက်ကြီးတွင် တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးသဖြင့်  နေအိမ် ၉ လုံး ပျက်စီး

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာမှာ ဇန်နဝါရီ ၁၂ ရက် မနက် ၃ နာရီလောက်က တောဆင်ရိုင်းလေးကောင် ကျေးရွာအတွင်း ဝင်ရောက်ဖျက်ဆီးခဲ့လို့ လူနေအိမ် ၉ လုံး ပျက်စီးသွားပါတယ်။ လတ်တလော နေအိမ်ဖျက်ဆီးခံရတဲ့မိသားစုတွေကို နီးစပ်တဲ့နေအိမ်တွေမှာ နေစရာစီစဉ်ပေးထားပြီး တောဆင်ရိုင်းဖျက်ဆီးမှုကြောင် နေအိမ် ၉ လုံး၊ တန်ဖိုးငွေ ကျပ် ၁၈ သိန်းဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ ကျေးရွာအုပ်ချူပ်ရေးမှူး ဦးကျော်ကျော်ဝင်းက ပြောပါတယ်။ "ဆင်တွေကတော့ အမြဲလိုဝင်နေတာ၊ ကျနော်အုပ်စုက အများဆုံးပဲ။ အရင်ရက်တွေကလည်း စိုက်ခင်းတွေထဲဝင်နေတာ။ ညကတော့ ရွာထဲအထိ ဝင်လာပြီး အိမ်တွေကို ဖျက်သွားတာပါ။ ဆင်က လေးကောင်ဖြစ်ပြီး အိမ် ၉ လုံး ဖျက်ဆီးခံရတယ်။ လောလောဆယ်တော့ နီးစပ်တဲ့အိမ်တွေမှာ နေရာချထားပေးထားတယ်။ မြို့နယ်ကိုလည်း တင်ပြထားပါတယ်။" ၂၀၁၉ အောက်တိုဘာလအတွင်းကလည်း  ဆင်စခန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတွေနဲ့ လူသန့်အင်းကျေးရွာတွေမှာ တောဆင်ရိုင်းတွေ ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၁၀ လုံးကျော်ပျက်စီးခဲ့ပြီး သနပ်ကျေးရွာအုပ်စုမှာ စပါး၊ ကြံနဲ့ အခြားစိုက်ခင်း ဧက ၅၀ ကျော် ပျက်စီးခဲ့ပါတယ်။ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ တောဆင်ရိုင်းတွေ စိုက်ခင်းအတွင်း ဝင်ရောက်တာကို တားဆီးတဲ့အနေနဲ့ လျှပ်စစ်ခြံစည်းရိုးတွေခတ်ကာ ကာကွယ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့က အသက် ၁၀ နှစ်အရွယ် တောဆင်ရိုင်းအထီး တကောင်ဓာတ်လိုက် သေဆုံးခဲ့ပါတယ်။ သတင်း - မေသွယ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up