ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မိုးညှင်းတွင် ကျင်းပ
DVB
·
January 12, 2020
ငြိမ်းချမ်းရေးမှာ လူထုပါဝင်လာရေးအတွက် ရည်ရွယ်ပြီး ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ကချင်ပြည်နယ် မိုးညှင်းမြို့ စိမ်းတောင်ဓမ္မာရုံမှာ ဇန်နဝါရီ ၉ ရက်ကနေ ၁၁ နေ့အထိ ပြုလုပ်ခဲ့ပါတယ်။
ပွဲစီစဉ်သူ ကချင်ဒီမိုကရက်တစ်အင်စတီကျူ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာခန်နော်က “အဓိက ငြိမ်းချမ်းရေးကို လိုချင်တယ်၊ ငြိမ်းချမ်းရေးကို ထောက်ခံတယ်၊ ငြိမ်းချမ်းရေးရဖို့အလို့ငှာ ပြုလုပ်ခြင်း ဖြစ်တယ်။ အဓိကအောက်ခြေမှာရှိတဲ့ လူငယ်၊ အမျိုးသမီး၊ ဘာသာရေးအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ စီအက်စ်အိုများကို အဓိကထားပြီးလုပ်ခြင်းဖြစ်တယ်။ အဓိကလူထုရဲ့ ပါဝင်မှုမှာ အင်မတန်အရေးကြီးတယ်၊ ငြမ်းချမ်းရေးဆိုတာ အစိုးရနဲ့ပဲဆိုင်တာမဟုတ်ပါဘူး၊ လူထုတရပ်လုံး လူတိုင်းနဲ့ဆိုင်တဲ့ အလုပ်ဖြစ်တဲ့အတွက် လူထုနဲ့တွေ့ဆုံဆွေးနွေးပြီးမှ အဖြေရှာဖို့ အဓိကဖြစ်တယ်” လို့ ပြောပါတယ်။
မိုးကောင်းမြို့နေ မဒွဲနန်ကတော့ “မြန်မာနိုင်ငံရေးက ပါတီတွေပဲ မဟုတ်ဘဲနဲ့ တိုင်းရင်းသား နိုင်ငံရေး ဖြစ်တယ်။ ငြိမ်းချမ်းရေးကိုလက်တွဲပြီး ဆောင်ရွက်သွားရမဲ့ တာဝန်ဖြစ်တယ်ဆိုတာ ပိုပြီးနားလည်သဘောပေါက်လာတယ်” လို့ ပြောပါတယ်။
အလုပ်ရုံဆွေးနွေးပွဲကို ပထမအကြိမ် မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့ပြီး မိုးညှင်းမြို့မှာ ဒုတိယအကြိမ် ပြုလုပ်တာဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို လူ ၃၉ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် ဗန်းမော်နှင့် ပူတာအိုမြို့တိုမှာလည်း ဆက်တိုက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
မုန်းမုန်းမင်း