Home
မြန်မာသတင်း
ပျံကျစျေးသည်များက အိမ်မဲဆေးရုံတွင် ထမင်းထုပ်နှင့်အောက်ဆီဂျင်ဘူးများ လှူဒါန်း
DVB
·
January 12, 2020
ဧရာဝတီတိုင်း၊ အိမ်မဲမြို့၊ အိမ်မဲကြီးရပ်ကွက်၊ ကမ်းနားလမ်းမှာရှိတဲ့ ပျံကျစျေးသည်တွေ စုပေါင်းပြီး ဇန်နဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းမှာ အိမ်မဲပြည်သူ့ဆေးရုံကြီးမှာ ထမင်းထုပ် ၁၅၀ နဲ့ အောက်ဆီဂျင်ဘူး ၆ ဘူး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အရင်က ဈေးသည်တွေ စုပေါင်းပြီ ထမင်းထုပ်တွေ လှူတာမျိုးရှိပြီး ဆေးရုံမှာ ထမင်းထုပ်နဲ့ အောက်ဆီဂျင်ဘူး လှူတာကတော့ ဒုတိယအကြိမ်မြောက် လှူတာလို့ စျေးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ “ပြီးခဲ့အပတ်ကတော့ ဆေးရုံမှာ ထမင်းကျွေးခဲ့ဖူးတယ်၊ အခုနဲ့ဆို ထမင်းကျွေးတာကတော့ နှစ်ခါမြောက်ပေါ့နော်၊ ဦးတို့ ပျံကျဈေးက တဦးတယောက်တည်း လှူတဲ့အလှူ မဟုတ်ပါဘူး၊ ဈေးသူဈေးသားတွေ စုပေါင်းပြီး ကိုယ့်ရဲ့ ချွေးနှဲစာလေးတွေနဲ့ ဝိုင်းစုပြီး လှူကြတာ” လို့ ပျံကျဈေး ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ မြို့နယ်တော်တော်များများက ဆေးရုံတွေမှာ အောက်ဆီဂျင်ဘူး လုံလုံလောက်လောက် မရှိတာတွေ ခဏခဏတွေ့ကြုံနေရလို့ တတ်နိုင်သလောက် လုံလုံလောက်လောက် ဖြစ်စေချင်သလို တခြားသူတွေကိုလည်း လိုက်လှူစေချင်လို့ စုပေါင်းပြီး လှူဖြစ်တာလို့ စျေးသူစျေးသားတွေက ပြောပါတယ်။ အိမ်မဲပြည်သူ့ဆေးရုံကြီးမှာ ထမင်းထုပ် ၁၅၀ နဲ့ အောက်ဆီဂျင်ဘူး ၆ ဘူးအတွက် လှူဒါန်းခဲ့တဲ့ ကုန်ကျငွေမှာ ၇ သိန်းကျော် ကုန်ကျခဲ့ပြီး နောက်ကိုလည်း စုပေါင်းလှူဒါန်းတာတွေ လုပ်သွားဦးမယ်လို့ သိရပါတယ်။ ပျံကျစျေးသည်တွေက ဇန်နဝါရီ ပထမပတ်အတွင်းက ဆေးရုံတက်ရောက်နေတဲ့ လူနာနဲ့ လူနာရှင်တွေ၊ စျေးလာဝယ်တဲ့ ချို့တဲ့နွမ်းပါးသူတွေနဲ့ အကြောင်းအမျိုးမျိုးနဲ့ အချုပ်ကျခံနေရတဲ့ အချုပ်သားတွေကို ထမင်းကျွေးမွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းထက်မုန်း(ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024