Home
မြန်မာသတင်း
မင်းပြားမြို့နယ် မေလွမ်းကျေးရွာအနီး ပစ်ခတ်ခံရသဖြင့် ကလေးငယ်တဦး သေဆုံး
ဝဏ္ဏခွာညို
·
January 12, 2020
ရခိုင်ပြည်နယ်၊ မင်းပြားမြိုနယ် မေလွမ်းကျေးရွာအနီးမှာ ဇန်နဝါရီ ၁၁ ရက်နေ့က တပ်မတော်စစ်ကြောင်းတခုက  ပစ်ခတ်တဲ့ကျည် ထိမှန်ခဲ့တာကြောင့် ၁၀ လသားအရွယ် လေးငယ်တဦး သေဆုံးသွားတယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ဖခင် ဦးမောင်အေးတင်က “ကျနော်တို့ မြောက်ဦး ကွမ်းတောင်ကနေ ၁၀ နာရီထိုးကနေထွက်လာတယ်။ ကျနော်ရယ်၊ ကျနော့်မိန်းမရယ်၊ ကျနော့်သားရယ် သုံးယောက်၊ စက်လှေနဲ့လာကြတယ်။ မင်းပြားမြို့နယ် မေလွမ်း၊ အနားမရောက်ခင်မှာ ရေလယ်ဘုရားရှိတယ်။ အုန်းကျွန်းအလွန်နားမှာ ကျနော်တို့ကို သေနတ်နဲ့ လှမ်းပစ်တယ်။ ကျနော်က မိန်းမကိုလှမ်းပြောလိုက်တယ်။ သေနတ်ပစ်နေတယ်။ ကလေးယူပြီးတော့ ဝပ်နေလိုက် ပြောလိုက်တယ်။ အဲဒီလိုလှမ်းပစ်တော့ ကျနော်က ဝါးခမောက် (မက်ကလာ) ကို ယမ်းပြတယ်။ ဝေး၊ ဝေး ကျနော်တို့ ပြည်သူတွေ၊ အရပ်သားတွေ၊ မပစ်ကြနဲ့တော့လို့ လှမ်းပြောလိုက်တယ်။ ဒါပေမဲ့ စစ်သားတွေက ထပ်ပစ်တယ်။ ကျနော် စက်လှေ မောင်းနေတာကို ရပ်လိုက်တယ်။ သားကိုကြည့်လိုက်တော့ နောက်ဘက်က ကျည်ဆန်ဝင်ပြီးတော့ အူထွက်နေပြီ၊ အသက်မသေသေးဘူး” လို့ ပြောပါတယ်။ အဲဒီနောက် စက်လှေရပ်လိုက်ပြီး အရပ်သားတွေဖြစ်ကြောင်း ထပ်မံအော်ပြောလိုက်တဲ့အချိန်မှာ ပစ်ခတ်သံတွေ ရပ်သွားပြီး ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေ ပစ်တဲ့နေရာကနေ ထွက်သွားကြတယ်လို့ ဆိုပါတယ်။ သေလုမြောပါးဖြစ်နေတဲ့ ၁၀ လအရွယ်သားဖြစ်သူကို ပစ်ခတ်မှုဖြစ်တဲ့နေရာနဲ့အနီးဆုံး မေလွမ်းကျေးရွာရဲ့ ကျန်းမာရေးရေးဌာနမှာ သွားရောက်ပြသဖို့ စက်လှေကို အဆုံးအထိတင်ပြီး မောင်းနှင်ခဲ့ပေမယ့် မေလွမ်းအရောက်မှာ သားဖြစ်သူ သေဆုံးသွားတယ်လို့ မိခင်ဖြစ်သူ ဒေါ်လှသိန်းဦးက ပြောပါတယ်။ “ဘယ်သူ ပစ်တယ်။ ဘယ်က ပစ်တယ်ဆိုတာ ကျမတို့ အနီးကပ်မြင်ပါတယ်။ ဗမာစစ်သားတွေက အနီးကပ်ဆုံးမှာ ကျမတို့ စစ်လှေနဲ့လာတာကို မြင်လျက်နဲ့ လှမ်းပစ်လိုက်တာ၊ လက်ခုပ်နှစ်ဖက်တီးနေတဲ့ကြားထဲမှာ ကျမသားလေး မြေစာပင် ဖြစ်ရတယ်။ ကျွဲနှစ်ကောင်ခတ်တဲ့ကြားမှာ ဒီအရပ်သားတွေ ဘယ်တော့လွတ်မြောက်မလဲ၊ ဒီလိုပဲခံ နေရတော့မလား။” အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ကျနော်တို့တွေက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဖွဲ့အစည်းတရပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့သည် ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်မယ့်ကိစ္စ လုံးဝ မလုပ်ဘူး။ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့်ဥစ္စာကို အတက်နိုင်ဆုံးရှောင်တယ်။ ဒါပေမဲ့ တိုက်ပွဲနယ်မြေမှာ ဖြစ်သွားရင်တော့ ကျနော်တို့လည်း စိတ်မကောင်းစွာနဲ့ပဲ ဒါမျိုးက ဖြစ်လေ့ဖြစ်ထ ရှိတဲ့အတွက်ကြောင့်မို့လို့။ ခင်ဗျားတို့ပြောတဲ့ မနေ့က မေလွမ်းကိစ္စမှာလည်း တိုက်ပွဲဖြစ်တာသည် မေလွမ်းအနားမှာဖြစ်တာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်ပွားတာသည် ရာမောင်တံတားနားမှာ ဖြစ်တာ” လို့ ပြောဆိုပါတယ်။ ဒီလိုဖြစ်စဉ်မတိုင်ခင် ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၅ နာရီလောက်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ မေလွမ်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်တာရှိသလို မင်းပြားကျိန်းတောင်ဘုရားကနေ အမြောက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။ တပ်မတော်နဲ့ အေအေတို့ မေလွမ်းကျေးရွာအနီး တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာ မသိကြောင်းနဲ့ ဖုန်းမရှိတဲ့အတွက် အဆက်အသွယ်မရှိဘဲ အခြေအနေ ကောင်းမယ်ထင်လို့ စက်လှေနဲ့ ထွက်လာရာကနေ ဒီလိုဖြစ်သွားရတာလို့ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ဖခင်က ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့အေအေတိုက်ပွဲကာလအတွင်း မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးတာ ၂၁ ဦးရှိနေပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဦးရေဟာလည်း ၆၂ ဦးရှိလာနေပြီဖြစ်ပါတယ်။ စစ်ကြောရေးကာလမှာ သေဆုံးတာတွေ၊ တိုက်ပွဲအတွင်းမှာ သေဆုံးတာတွေ၊ လက်နက်ကြီးကျည်ကျလို့ သေဆုံးတာတွေ အပါအဝင် စုစုပေါင်း ၁၀၅ ဦးရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၄၁ ဦးအထိ ရှိပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) စာရင်းအရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024