Home
မြန်မာသတင်း
အေအေ ဖမ်းခေါ်သွားသူ ၃ ဦးကို သေဆုံးလျက်တွေ့ဟု ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီပြော
DVB
·
January 11, 2020
ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ အေအေ ဖမ်းဆီးခေါ်ဆောင်သွားသူ ၃ ယောက်ကို သေဆုံးလျက်သား တွေ့ရသလို နောက်ထပ် ရွာသားတွေကို ဖမ်းဆီးသွားသေးတယ်လို့ ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ တာဝန်ရှိသူက ပြောပါတယ်။ ပလက်ဝမြို့နယ်၊ ဆီးဖလောင်းရွာက ချင်းလူမျိုး ကျောင်းဆရာ ဦးအာဗေလနဲ့ ရခိုင်လူမျိုး ရွာသား ၂ ယောက်ကို ရခိုင့်တပ်တော်(အေအေ) က ဇန်နဝါရီ ၇ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီကောင်စီက ထုတ်ပြန်ပါတယ်။ ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက “သူတို့အလောင်းတွေကို မနေ့က တွေ့တယ်။ ဒီမနက်မှာ ပြန်သယ်လာပြီး သင်္ဂြိုဟ်လိုက်ပြီ။ လည်ပင်းကို လှီးထားတယ်။ နောက်ကျောကိုလည်း ဓားနဲ့ ခွဲစိတ်ထားတယ်” လို့ ပြောပါတယ်။ ရခိုင့်တပ်တော်(အေအေ)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ဒီကိစ္စဟာ သူတို့နဲ့ မပတ်သက်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။ “အဲဒီကိစ္စကတော့ ကျနော်တို့နဲ့ ပတ်သက်မှု လုံးဝ မရှိဘူးဗျ။ အခင်းဖြစ်တယ်ဆိုတဲ့ နေရာကလည်းပဲ ခလ၇ ၂၈၉ နောက်ကျောမှ တည်ရှိတဲ့နေရာ။ လုံခြုံရေး အထူးတင်းကျပ်ပြီးတော့ ထူထပ်တဲ့နေရာ ဖြစ်တယ်။ အဲလိုနေရာမျိုးမှာ ကျနော်တို့တပ်ဖွဲ့က ဖမ်းဆီးသွားတယ် ဆိုတာကတော့ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်ပဲ ဖြစ်တယ်ဗျ။”  ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အေအေဟာ လွန်ခဲ့တဲ့တပတ်လောက်ကစပြီး ပလက်ဝမြို့နယ်၊ ကျီးလေရွာကို အဝင်အထွက်လုပ်နေပြီး ရွာသား ၁၃၀ ကျော်ကို ရိက္ခာသယ်ဖို့ ခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။ “လာတဲ့စက်လှေတွေကို တားတယ်။ ရိက္ခာတွေ ယူတယ်။ ဒါတွေကိုသယ်ဖို့ဆိုပြီး ရွာသားတွေကို ခေါ်သွားတာ။ ဒီမနက်ကလည်း ခေါ်သွားသေးတယ်။ ရွာကလူတွေကို အပြင်ကိုလည်း မထွက်ခိုင်းဘူး” လို့ ပြောပါတယ်။ လက်ရှိမှာတော့ ရွာမှာ ကလေးတွေပဲ ကျန်ခဲ့တယ်လို့ သူက ဆိုပါတယ်။ အေအေ ပြောခွင့်ရှိသူ ခိုင်သုခက “အဲဒီလိုဖြစ်စဉ်မျိုး မရှိဘူးဗျ။ ကုလားတန်မြစ်ကြောင်းမှာတော့ လုံခြုံရေးအရ စစ်ဆေးတာတော့ ရှိတယ်။ လူ ၁၃၀ ကျော်ကို ဖမ်းတာတော့ မရှိဘူး။ နောက်ပြီး သူတို့ပြောသလို အမျိုးသမီးတယောက်ကို လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်တယ်ဆိုတာမျိုးလည်း မရှိဘူးလို့ သိရတယ်” လို့ ပြောပါတယ်။ ဦးကျော်ငြိမ်းကတော့ ရွာက အမျိုးသမီးငယ်တယောက်ကို မတော်မတရား ကျင့်ကြံဖို့ ကြိုးစားတာကို ရွာလူကြီးတွေက တားဆီးခဲ့တာကြောင့် ရွာလူကြီးတွေ ရိုက်နှက်ခံရတယ်လို့ ဆိုပါတယ်။ ဒီလိုချိုးဖောက်တာတွေရှိရင် တိတိကျကျ တိုင်ကြားဖို့ ခိုင်သုခက ပြောပါတယ်။ “ကျနော်တို့တပ်ဖွဲ့တွေ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုလို့ရှိရင် ဘယ်ရွာမှာ၊ ဘယ်နေ့က၊ ဘယ်လို ချိုးဖောက်သွားတယ်ဆိုတာ ကျနော်တို့အဖွဲ့အစည်းကို တိတိကျကျ လာပြီးတိုင်ပါ။ ကျနော်တို့ဘက်က တရားမျှတမှုရှိရှိ စုံစမ်းစစ်ဆေးပြီးတော့ တကယ်ကျူးလွန်လို့ရှိရင် ချိုးဖောက်တဲ့သူကို လိုအပ်သလို ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်” လို့ ပြောပါတယ်။  ပလက်ဝမြို့နယ်၊ ပွီပုန်းရွာက ပညာရေးဝန်ထမ်းတယောက် ဖြစ်တဲ့ ဦးတောင်ပိုင်ကိုလည်း အေအေက ဖမ်းဆီးခေါ်ဆောင်သွားတာ အခုထိ ပြန်မလွှတ်ပေးသေးဘူးလို့လည်း ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024