Homeမြန်မာသတင်း
တရုတ်သမ္မတ ခရီးစဉ်အတွင်း မြန်မာ့ငြိမ်းချမ်းရေးကို တွန်းတင်ပေးနိုင်မည်ဟု မိုင်းလားအဖွဲ့ပြော
တရုတ်သမ္မတ ခရီးစဉ်အတွင်း မြန်မာ့ငြိမ်းချမ်းရေးကို တွန်းတင်ပေးနိုင်မည်ဟု မိုင်းလားအဖွဲ့ပြော
DVB
·
January 11, 2020
မြန်မာနိုင်ငံကို လာရောက်မယ့် တရုတ်သမ္မတရဲ့ အခုခရီးစဉ်ဟာ အရေးပါပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ရှေ့ကို တွန်းတင်ပေးနိုင်လိမ့်မယ်လို့ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားအဖွဲ့က ထုတ်ပြန်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဇန်နဝါရီ ၁၇ နဲ့ ၁၈ ရက်တို့မှာ နှစ်နိုင်ငံ အရေးကိစ္စအတွက် မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိုက်တာကို ဝမ်းမြောက်စွာ ကြိုဆိုတယ်လို့လည်း မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီနှစ်ဟာ မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ် ၇၀ ပြည့်ဖြစ်သလို တရုတ်ဟာ ကမ္ဘာမှာ သြဇာကြီးမားတာကြောင့် အခုလို လာရောက်လည်ပတ်တာဟာ မြန်မာ-တရုတ် ချစ်ကြည်ရေး သမိုင်းမှာ အရေးပါတယ်လို့လည်း ဆိုပါတယ်။
ပြီးတော့ မြန်မာ-တရုတ် ပိုးလမ်းမရပ်ဝန်းတခု လမ်းကြောင်းတခု မဟာဗျူဟာပူးပေါင်း ဆောင်ရွက်ရေးမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ကို တွန်းတင်ပေးနိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ဖော်ပြထားပါတယ်။
ရှမ်းအရှေ့ အထူးဒေသ ၄ အနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိစေရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်တက်ကြွကြွ ပါဝင်ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသက တိုင်းရင်းသားပြည်သူတွေရဲ့ အနာဂတ်ပိုပြီး သာယာဝပြောလာဖို့အတွက် ကြိုးစားသွားမယ်လို့လည်း ကတိပြုထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဒီအလည်အပတ်ခရီးစဉ်ကနေ မြန်မာ-တရုတ် ချစ်ကြည်ရေးကဏ္ဍသစ်တွေ ပေါ်လာလိမ့်မယ်လို့ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။