Home
မြန်မာသတင်း
ဦးကိုနီအမှု တရားခံများအား ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျှောက်ထားချက် တရားရုံး ပယ်ချ
နေဖြိုးဝင်း
·
January 10, 2020
ဦးကိုနီလုပ်ကြံခံရတဲ့အမှုမှာ ပါဝင်တဲ့ တရားခံတွေကို မူလကချမှတ်ခဲ့တဲ့ ပြစ်ဒဏ်အစား တိုးမြှင့်ပေးဖို့ တရားလိုရှေ့နေတွေရဲ့ လျှောက်လဲချက်ကို ဇန်နဝါရီ ၁၀ ရက်နေ့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ပယ်ချလိုက်ပါတယ်။ ဒီအမှုမှာ လုပ်ကြံသူ ကြည်လင်းနဲ့ နောက်ကွယ်က စေခိုင်းသူဖြစ်တဲ့ အောင်ဝင်းဇော်တို့ကို မသေမချင်းကြိုးကွင်း စွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့တဲ့အပြင် ကြည်လင်းအနေနဲ့ ဦးကိုနီကို လုပ်ကြံပြီး သူ့ကိုဖမ်းဖို့ကြိုးစားတဲ့ ယာဉ်မောင်း ကိုနေဝင်းကိုပါ ထပ်မံသတ်ခဲ့တဲ့အတွက် ထောင်ဒဏ် အနှစ် ၂၀ နဲ့ လက်နက်ကိုင်ဆောင်မှုအတွက် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ “တကယ်တမ်းအားဖြင့် ပြောရရင် နှစ်ကြိုးတောင် ကျရမှာ။ ဘာလို့လဲဆိုတော့ သူက ဦးကိုနီကို လုပ်ကြံပြီးတဲ့နောက်ပိုင်းမှာ ကိုနေဝင်းကို ထပ်မံပြီးတော့ သေနတ်နဲ့ပစ်ခဲ့တဲ့အပိုင်းမှာ အမှန်တကယ်အားဖြင့် ပြောရမယ်ဆိုရင် သေဒဏ်တစ်ကျွန်းဒဏ်ထိုက်တဲ့ ပြစ်မှုကျုးလွန်ပြီးတော့ တဆက်စပ်ထဲ နောက်ထပ်သတ်ဖြတ်မှုဖြစ်ပေါ်တာဟာ ၃၀၂(၁)(ဂ)အရဆိုရင် နောက်ထပ်ပြစ်မှုတခုနဲ့ ကြည်လင်းကို တရားစွဲရမယ့်အခြေနေမျိုးပဲ” လို့ ဦးကိုနီရဲ့ရှေ့နေ ဦးနေလက ပြောပါတယ်။ ဒါ့အပြင် ဒီအမှုမှာ နောက်ကွယ်က ငွေကြေးထောက်ပံ့သူအဖြစ် စွဲချက်တင်ခံထားရတဲ့ ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်၊ ဦးကိုနီကိုလုပ်ကြံခဲ့တဲ့ ကြည်လင်းအား နောက်ကွယ်က စေခိုင်းသူဖြစ်တဲ့ အောင်ဝင်းဇော်ကို ထွက်ပြေးနိုင်အောင် ကူညီခဲ့တဲ့ အောင်ဝင်းထွန်းကို ထောင်ဒဏ် ၃ နှစ် ချမှတ်ထားတာတွေကို ပြစ်ဒဏ်တိုးမြှင့်ပေးဖို့ လျှောက်ထားချက်တွေကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ပယ်ချက်ခဲ့ပါတယ်။ “၅ မှုစလုံးပလပ်လိုက်ပါတယ်။ ဒါကို အထူးအယူခံဝင်ဖို့ ဆုံးဖြတ်ချက်ရှိပြီးသားပါ။ သက်ဆိုင်ရာ ကာယကံရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ နှစ်လအတွင်းတော့ အမြန်တက်မှာပါ ” လို့ ယာဉ်မောင်း ကိုနေဝင်းရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ ဦးကိုနီရဲ့ ရှေ့နေ ဦးနေလက “ကျနော့်အနေနဲ့ ဆက်ဆောင်ရွက်မယ့်အပိုင်းကို ခန့်မှန်းတာက ဆုံးခန်းတိုင်အောင် အထူးအယူခံအမှုထိ သွားမယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမယ့် ကာယကံရှင်တွေ အားလုံးကို မေးဖို့ လိုအပ်ပါတယ်။ ကာယကံရှင်ဆိုတာ သူ့ရဲ့ မိသားစုပေါ့၊ သူ့မိသားစုကို မေးဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။ သေဒဏ်ချမှတ်ခံထားရတဲ့ အောင်ဝင်းခိုင်ဟာ ဒီနေ့အချိန်ထိ ဖမ်းမမိသေးဘဲ လွှတ်မြောက်နေဆဲဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024