ခွဲထွက်ဂျော်ဂျီယာဒေသက ရုရှားထောက်ခံသူခေါင်းဆောင်၏ရုံးချုပ်ကို ဆန္ဒပြသူများ ဝင်စီး

Reuters
896
ခွဲထွက်ဂျော်ဂျီယာဒေသက ရုရှားထောက်ခံသူခေါင်းဆောင်ရဲ့ ရုံးချုပ်ကို ဇန်နဝါရီ ၉ ရက်က ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ဆန္ဒပြလူအုပ်ဟာ ရွေးကောက်ပွဲရလဒ်တွေအပေါ် မကျေနပ်တာမို့ ခွဲထွက်ဒေသ အက်ဘ်ခါးဇီးယားခေါင်းဆောင်အနေနဲ့ ရာထူးက နုတ်ထွက်ပေးဖို့ ဒေသလွှတ်တော်က မေတ္တာရပ်ခံခဲ့ပါတယ်။
မြို့တော် ဆိုဟိုမီက ရုရှားထောက်ခံတဲ့ ခေါင်းဆောင် ခါဂျင်ဘာရဲ့ရုံးချုပ် အပြင်ဘက်မှာ လူရာချီစုဝေးပြီး ခါဂျင်ဘာ ရာထူးက နုတ်ထွက်ရေး တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက် ဆန္ဒပြသူတွေက တံခါးတွေကို ချိုးဖျက်၊ မှန်ပြတင်းတွေကို ရိုက်ခွဲပြီး ရုံးချုပ်ထဲ ဝင်ရောက်ခဲ့တယ်လို့ ရုရှားနိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
အက်ဘ်ခါးဇီးယားဒေသဟာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ဖြစ်ပေါ်လာတဲ့ ဂျော်ဂျီယာနိုင်ငံကနေ ထပ်ခွဲထွက်တဲ့ သီးခြားဒေသဖြစ်ပါတယ်။
နိုင်ငံအများစုက အက်ဘ်ခါးဇီးယားကို ဂျော်ဂျီယာနိုင်ငံ တစိတ်အပိုင်းအဖြစ် သတ်မှတ်ကြပေမယ့် ရုရှားကတော့ ဂျော်ဂျီယာကနေ အက်ဘ်ခါးဇီးယား လွတ်လပ်ရေး ရရှိထားတယ်လို့ အသိမှတ်ပြုထားပါတယ်။
၂၀၀၈ ခုနှစ်က ဂျော်ဂျီယာနဲ့ဖြစ်ပွားတဲ့ စစ်ပွဲမှာ ရုရှားအနိုင်ရပြီးနောက် ဂျော်ဂျီယာတောင်ပိုင်း အော်ဆီးရှီးဒေသကနေ အက်ဘ်ခါးဇီးယားက ခွဲထွက်ခဲ့တာပါ။ အက်ဘ်ခါး ဇီးယားဒေသမှာ ရုရှားတပ်တွေ အခြေစိုက်ထားတယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။