ပြည်တွင်းစစ်အောင်နိုင်ရေး မနောပွဲကျင်းပကြရန် ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
January 10, 2020
စစ်အောင်နိုင်ရေး မနောပွဲအစား ပြည်တွင်းစစ်အောင်နိုင်ရေးမနောပွဲ ကျင်းပကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
မြစ်ကြီးနားမြို့မှာ ဇန်နဝါရီ ၁၀ ရက်က ကျင်းပပြုလုပ်တဲ့ ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
"ပထမဆုံး ပဒန်းမနောဆိုတာက စစ်အောင်နိုင်ရေးကို အောင်ပွဲခံတဲ့ မနောလို့ ကျမ နားလည်ပါတယ်။ အဲ့ဒီတော့ ကျမ ဒီလိုအစဉ်အလာအရ မနောပွဲကြီး ၅ ပွဲကို ခေတ်ရဲ့ လိုအပ်ချက်နဲ့ ရှုမြင်စေချင်ပါတယ်။ စစ်အောင်နိုင်ရေးထက် ကျမတို့ဟာ ပြည်တွင်းစစ်အောင်နိုင်ရေးကို ကျမတို့ ပွဲကြီးတခုနဲ့ ကျင်းပပြီးတော့ လုပ်နိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ၊ စစ်ပွဲတခု အောင်နိုင်ရေး မဟုတ်ဘူး။ ပြည်တွင်းစစ်အောင်နိုင်ရေး၊ နောင် ပြည်တွင်းစစ်တွေ မဖြစ်အောင်လို့ အဲ့ဒီလို အောင်နိုင်ရေး မနောပွဲကြီး ကျမတို့ ကျင်းပနိုင်တဲ့ အခြေအနေရောက်အောင်လို့ ကျမတို့ကြိုးစားချင် ပါတယ်။"
ကချင်ပြည်နယ်ဟာ တိုင်းရင်းသားမျိုးစုံ နေကြတဲ့အတွက် အခုလို ကချင်ပြည်နယ်နေ့ကို လာရောက်ရတာလို့လည်း အတိုင်ပင်ခံက ပြောပါတယ်။
“ကချင်ပြည်နယ်နေ့ကို ကျမအထူးလာချင်တဲ့ကိစ္စတခုကတော့ ကချင်ပြည်နယ်မှာဆိုလို့ရှိရင် ကျမတို့ရဲ့ တိုင်းရင်းသားမျိုးစုံနေကြတယ်။ လူမျိုးပေါင်းစုံ၊ ကိုးကွယ်တဲ့ဘာသာပေါင်းစုံ၊ ပြောတဲ့ ဘာသာစကား ပေါင်းစုံ၊ ဒီလိုတိုင်းရင်းသားများစုဝေပြီးတော့ နေနေတဲ့နေရာဟာ ပြည်ထောင်စု အတွက် သင်္ကေတတခုဖြစ်တယ်လို့ပဲ ယူဆပါတယ်။ ကချင်ပြည်နယ်နေ့ဟာ လွတ်လပ်ရေးနေ့နဲ့ အတူ ဖွားမြင်တဲ့နေ့လို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ လွတ်လပ်ရေးနဲ့အတူ၊ လွတ်လပ်ရေးရပြီးတော့ တပတ်အတွင်းမှာ ဆုံးဖြတ်ခဲ့တဲ့ ကချင်ပြည်နယ်နေ့မှာ ကျမတို့က လွတ်လပ်ရေးရဲ့အဓိပ္ပာယ်ကို ပြန်ပြီးတော့ စဉ်းစားသုံးသပ်ဖို့ လိုပါတယ်။”
မြစ်ကြီးနာမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မနောပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါဝင်ဆင်နွှဲ ကပြခဲ့ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဇန်နဝါရီ ၉ ရက်ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ဒေသခံလူထု၊ ဒေသခံလူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ယမန်နှစ် အလားတူကာလမှာ ပြုလုပ်ကျင်းပခဲ့တဲ့ မြစ်ကြီးနာမြို့က မနောပွဲကိုလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။