ပညာရေး စုံညီပွဲတော် မုံရွာမြို့တွင် ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမိသားစုရဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်ကို ဇန်နဝါရီလ ၉ ရက်နေ့က မုံရွာမြို့ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က မြန်မာ့ပညာရေးကဏ္ဍနဲ့ပတ်သက်လို့ သက်ဆိုင်သူတွေရဲ့ ဝေဖန်မှုတွေမြင့်တက်လာတာက ပညာရေးကဏ္ဍ သာတူညီမျှမှုဖြစ်စေပြီး တိုးတက်လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ "ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ကျောင်းသားများ၊ မိဘများ၊ လုပ်ငန်းရှင်များ အပါအဝင် နိုင်ငံသားများရဲ့ မျှော်မှန်းချက်များ မြင့်မားလာခြင်းကြောင့် ပြည်သူလူထုဟာ မြန်မာ့ အမျိုးသားပညာရေးစနစ်နဲ့စပ်လျဉ်းပြီး စိစစ်သုံးသပ်မှုများ ဝေဖန်မှုများကို တိုးမြှင့်ပြုလုပ်ဆောင်ရွက်လာခဲ့ကြပါတယ်။ ဒါဟာ ဘာကို ညွှန်ပြသလဲဆိုတော့ ပညာရေးကဏ္ဍအသီးသီးမှာ အခွင့်အလမ်း၊ အရည်အသွေးနှင့် သာတူညီမျှမှု တိုးတက်လာစေနိုင်တာပဲဖြစ်ပါတယ်" လို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောဆိုခဲ့တာပါ။ ဒါ့အပြင် ပညာရေးကဏ္ဍမှာ လူတိုင်းလက်လှမ်းမှီတဲ့ ပညာရေးဖြစ်ဖို့ မသင်မနေရ အခမဲ့ ပညာရေးစနစ်၊ ကာယဉာဏ စွမ်းရည်အားနည်းတဲ့ ကလေးတွေ၊ ဆင်းရဲနွမ်းပါးကလေးတွေ၊ ဝေးလံခေါင်ဖျားဒေသက ကလေးတွေအတွက်လည်း ပိုမိုကောင်းမွန်တဲ့ ပညာရေးအစီအစဉ်တွေ ချမှတ်တာ၊ တိုင်းရင်းသားကလေးတွေအတွက်လည်း သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အစိုးရတွေရဲ့ ကြီးကြပ်မှုနဲ့ တိုင်းရင်းသားဘာသာစကား သင်ရိုးညွှန်းတမ်းရေးဆွဲသင်ကြားပေးတာအပြင် တိုင်းရင်းသား ဘာသာစကားယဉ်ကျေးမှုတွေဖွံ့ဖြိုးအောင် ပံ့ပိုးလုပ်ဆောင်နေတယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။ ပညာရေးစုံညီပွဲမှာ ကာယ၊ ဉာဏစွမ်းရည်ထက်မြက်တဲ့ ထူးချွန်ကျောင်းသားကျောင်းသူတွေ ကိုလည်း ဆုတွေချီးမြှင့်ခဲ့ပါသေးတယ်။ လတ်တလောမှာ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပြောဆိုခဲ့တဲ့ ပညာရေးကာလ ၁ လ တိုးမြှင့် သတ်မှတ်မယ်ဆိုတဲ့အပေါ် အခမ်းအနား တက်ရောက်လာတဲ့ ဆရာဆရာမအချို့နှင့် ကိုယ်ပိုင်ကျောင်းအချို့က တာဝန်ရှိသူတွေရဲ့ သဘောထားအမြင်ကို ဒီဗွီဘီက မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဖြေဆိုဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ မုံရွာမြို့မှာ ကျင်းပတဲ့ပညာရေးစုံညီပွဲတော်မှာတော့ ကိုယ်ပိုင်ကျောင်းတွေ၊ ပညာရေးဌာန တွေက ပြခန်းတွေလည်း လာရောက်ပြသခဲ့ကြပြီး အတီးအမှုတ်အကအခုန်တွေနဲ့လည်း ဖျော်ဖြေခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up