Home
မြန်မာသတင်း
ပုဒ်မ ၅၂ (က) ဖြင့် ဖမ်းဆီးတရားစွဲခံရသည့် မြောက်ဦး လူငယ် ၁၂ ဦး လွတ်မြောက်
DVB
·
January 9, 2020
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ ဖမ်းဆီးတရားစွဲဆိုထာရတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျောင်းတောင်နာရေးကူညီမှုအသင်းလူငယ် ၆ ဦးအပါအဝင် ၁၂ ဦးကို ခိုင်လုံတဲ့သက်သေတွေ မရှိတဲ့အတွက် မှားယွင်းဖမ်းဆီးမှုလို့ သုံးသပ်ပြီး စစ်တွေခရိုင်တရားရုံးက ပြန်လွှတ်ပေးလိုက်ပါတယ်။  ပုဒ်မ ၅၂ (က) နဲ့ တရားရုံးမှာ အမှုရင်ဆိုင်နေရသူ ၁၂ ဦးကို စစ်တွေခရိုင်တရားရုံးက မနေ့ ဇန်နဝါရီ ၈ ရက်နေ့မှာ  စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမှတ်ရာမှာ တရားရုံးက လွှတ်ပေး လိုက်တာလို့ အမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။ “သူတို့ကို လွန်ခဲ့တဲ့ ၁၀ လက ဖမ်းတယ်။ ပြီရင် အကြမ်းဖက်မှုဥပဒေနဲ့တရားစွဲတယ်။ စွဲပြီးတဲ့အခါမှာ သက်သေ ၁၈ ဦးပါတဲ့အထဲမှာ ၉ ဦးကို စစ်တာပေါ့လေ။ နောက်တပ်ဘက်ဆိုင်ရာ သက်သေတချို့နဲ့ ရဲဘက်ဆိုင်ရာ သက်သေတချို့က အကြိမ်ကြိမ်ခေါ်ပေမယ့်မလာဘူး။ ရုံးက လုပ်ထုံးလုပ်နည်းနဲ့အညီ မလာတဲ့သက်သေတွေကို ပယ်လိုက်ပြီးတော့ ရှိသမျှသက်သေတွေ စစ်ဆေးတဲ့အခါမှာ ဒီအမှုကို စွဲချက်တင်သင့်မတင်သင့် လျှောက်လဲချက်တွေ ရှေ့နေတွေကို ပေးခိုင်းတယ်။ အမှုသွားအမှုလာကို စိစစ်တဲ့အခါမှာ ပေါ်သမျှအချက်အလက်တွေဟာ သူတို့ကို တိုင်ထားတဲ့တိုင်စာကို အထောက်အကူမဖြစ်ဘူး။ သူတို့ဟာ အကြမ်းဖက်ဥပဒေကို ကျူးလွန်တယ် ဆိုတဲ့ သုံးသပ်ကောက်ယူရမယ့်အချက်တစုံတရာ ငြိစွန်းခြင်းမရှိဘူး။ ဒါကြောင့်ပဲ စွဲချက်မတင်ဘဲ လွှတ်တဲ့အမိန့်ကို ချတယ်ဆိုပြီးတော့ စီရင်ချက်ချလိုက်တာ။ ” ပြီးခဲ့တဲ့ ၂၀၁၉ ခုမတ်လ ၁၂ ရက်နေ့က ကိုအောင်စည်သူ အပါအဝင် မြောက်ဦးမြို့နယ် ကျောင်းတောင်နာရေးကူညီမှုအသင်းလူငယ် ၆ ဦး၊ ကားဒရိုင်ဘာနဲ့ စပါယ်ရာ၊ မင်းပြားမြို့နယ်က ၁ ဦးအပါအဝင် ၁၂ ဦးဟာ မင်းပြားမြို့နယ် ပန်းမြောင်းနားမှာ ရှိတဲ့ သပေါ့စာကျေးရွာက ငှက်ဖျားမိတဲ့ လူနာတဦးကိုကားနဲ့ တင်ဆောင်လာစဉ်မှာ  တပ်မတော် အမှတ် (၂၂) တပ်မ လက်အောက်ခံ အမှတ်(၈၁) ခြေမြန်တပ်ရင်းက ဒုတိယ ဗိုလ်မှူးကြီး ခွန်သာ ဦးစီးတဲ့ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခဲ့တာပါ။  သူတို့ကို ဖမ်းဆီးစစ်ဆေးစဉ်ကလည်း ညှဉ်းပန်းနှိပ်စက်ခံတာကြောင့် အသက် ၂၀ အရွယ်ရှိတဲ့ ကိုစည်သူအောင်မှာ သွေးအန်လို့ ဆေးရုံ ၃ ခေါက်အထိ အရေးပေါ်ကုသမှု ခံယူခဲ့ရပါတယ်။  အခုလို လူငယ်တွေကို တရားရုံးက အပြစ်မရှိလို့ ပြန်လွှတ်ပေးလိုက်တာကို ကြိုဆိုပေမယ့် ညှဉ်ပန်းနှိပ်စက်ခံရပြီး ထောင်တွင်းမှာ နေခဲ့ရတဲ့ လူငယ်တွေရဲ့ နစ်နာတို့ကို ကုစားဖို့ အခက်အခဲရှိတယ်လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။  “ဟိုတုန်းကတော့ အပေါ်က ဖိအားတို့၊ ဥပဒေမည်သို့ပင်ရှင်စေကာမူ၊ အမှုမှာ မည်သို့ပင် ပေါ်ပေါက်စေကာမူ အဲဒီဖိအားတွေစိုးမိုးတဲ့ခေတ်ကိုလည်း ဖြတ်သန်းလာခဲ့ပြီးပြီဆိုတော့ အခုတော့ ရုံးတွေဟာ မိမိတို့ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတွေနဲ့အညီအမှုမှာ မပေါ်ပေါက်ဘူးဆိုရင် ပြဌာန်းထားတဲ့ ဥပဒေအရ စွဲချက်မတင်ဘဲ လွှတ်တဲ့အမိန့်ကို လွတ်လွတ်လပ်လပ်ချပိုင်ခွင့်ရှိတဲ့ အနေအထားကို ကြုံရတဲ့အတွက်တော့ တရားရုံးတွေရဲ့ ကောင်းတဲ့ဘက်ကို ရွေ့လာတဲ့အရွေ့ကို ကျမတို့ ကြိုဆိုပါတယ်။ ခုဆိုရင် သူတို့ရဲ့မိသားစုရဲ့လယ်မြေတွေ ဘာမှ ရိတ်သိမ်းခွင့်မရတာတို့၊ ကယ်ဆယ်ရေးစခန်းမှာနေရတာတို့ ဒီလိုစတေးပစ်လိုက်ရတာပေါ့လေ။ မကောင်းသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဖမ်း၊ နှိပ်စက်၊ ညှဉ်းပန်းပြီးရင် စွဲတင်၊ နောက်အမှုမပေါ်တော့မှပဲ လွှတ်ဆို တော့ သူတို့ရဲ့ထိခိုက်နစ်နာရမှု၊ သူတို့နဲ့ ဆက်နွှယ်တဲ့မိသားစုရဲ့ ထိခိုက်နစ်နာရမှုတွေကတော့ ပြန်လည်ကုစားနိုင်ဖို့ အခွင့်အလမ်းဆိုတာ တအားနည်းသွားပြီလေ။” မနေ့က ပြန်လွတ်လာတဲ့သူတွေ သူတို့ရွာကို ပြန်သွားကြပြီလို့လည်း ဆိုပါတယ်။  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာနဲ့ မြောက်ဦးမြို့နယ် မြိုချောင်းကျေးရွာတွေက ရက္ခိုင့်တပ်တော် (AA) နဲ့ပတ်သက်ပြီး အကြမ်းဖက်ဥပဒေနဲ့အမှုရင်ဆိုင်နေရသူ လေးဦးကို စစ်တွေခရိုင်တရားရုံးက မှားယွင်းဖမ်းဆီးမှုလို့ သုံးသပ်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024