ထိုင်းတောင်ပိုင်းတွင် ရိုဟင်ဂျာ ၁၉ ဦး အကျဉ်းထောင်ဖောက်ထွက်ပြေး
DVB
·
January 9, 2020
ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်ထဲမှာ ဒီနေ့မနက်အစောပိုင်းက ဆုန်ခလာခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့အကျဉ်းထောင်ထဲကနေ ရိုဟင်ဂျာ အကျဉ်းသား ၁၉ ဦး ထောင်ဖောက် ထွက်ပြေးသွားခဲ့တယ်လို့ ဆုန်ခလာလ၀ကရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
သူတို့ ၁၉ ဦးဟာ ဇန်နဝါရီ ၈ ရက် မနက် ၄ နာရီ မိနစ် ၂၀ က အကျဉ်းထောင်တံခါး သော့ကိုဖျက်ဆီးပြီး ထွက်ပြေးခဲ့ကြတယ်လို့ ဆုန်ခလာလ၀ကရဲတပ်ဖွဲ့တာဝန်ရှိသူက သတင်း ထောက်တွေကို ပြောကြားခဲ့တာပါ။
လ၀ကရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်၊ ခရိုင်အုပ်ချုပ်ရေးဌာနက ပူးပေါင်းဝန်ထမ်း အင်အား ၆၀ ခန့်ဟာ အနံ့ခံခွေး ၂ ကောင်နဲ့အတူ အကျဉ်းထောင်အနီးတဝိုက်နဲ့ ထိုင်း-မလေးရှားနယ်စပ် တောတောင်တွေထဲ ဧရိယာ ၅ ကီလိုမီတာလောက်ကို ဖြန့်ကျက်ရှာဖွေခဲ့ကြပါတယ်။
ကနဦးပိုင်းမှာ အသက် ၁၇ နှစ်ရွယ်ရှိ မူရာဘက်ဆူဆန် ဆိုသူ ၁ ဦးကို ထိုင်းဘက်ခြမ်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ညနေ ၅ နာရီခွဲလောက်မှာတော့ ကျန်တဲ့ အကျဉ်းသား ၁၈ ဦးကို မလေးရှားနိုင်ငံ လုံခြုံရေးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့က ထိုင်း- မလေး နယ်စပ်တောအုပ်ထဲမှာ ရှာဖွေတွေ့ရှိကြောင်း ထိုင်းဘက်ကို အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။
မလေးရှာဘက်က ဖမ်းမိတဲ့ အဲဒီအကျဉ်းသားတွေကို ထိုင်းဘက် ဘယ်တော့လွှဲပြောင်း အပ်နှံပေးမလဲဆိုတာတော့ သတင်းမှာဖော်ပြထားခြင်း မရှိပါဘူး။
ကိုးကား - မန်နေဂျာအွန်လိုင်း ၊ ဝေါ့လ်ပွိုင့်နယူးစ်