DVB Logo
Home
မြန်မာသတင်း
မန္တလေးကြက်ခြံတခြံ အပြင်းစား ကြက်လည်လိမ်ရောဂါ ဖြစ်ပွား
DVB
·
February 18, 2013
Donate to DVB

မန္တလေးနန်းတွင်းက ကြက်ခြံတခြံမှာ ခြံလုံးကျွတ် ကြက်သေဆုံးမှု ဖြစ်ပွားခဲ့တာဟာ အပြင်းစား ကြက်လည်လိမ်ရောဂါကြောင့်ဖြစ်ပြီး အခုလို ရာသီဥတုအပြောင်းအလဲမှာ ဖြစ်ပွား တတ်တယ်လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက စုံစမ်းသိရှိရပါတယ်။

မန္တလေးက ကြက်ကောင်ရေ ၉၀၀ လောက်မွေးမြူထားတဲ့ ကြက်ခြံတခုမှာ ကြက်ငှက်တုပ်ကွေးလိုပဲ အန္တရာယ်ရှိတဲ့ ကြက်လည်လိမ်ရောဂါ ကြက်ကောင်ရေတချို့မှာ ဖြစ်ပွားခဲ့တာကြောင့် ဖေဖော်ဝါရီ ၁၄ ရက်က ခြံတခြံလုံးကို သုတ်သင်ရှင်းလင်းပစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို ဆက်သွယ်မေးမြန်းရာမှာ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးက ကြက်လည်လိမ်ရောဂါ ဖြစ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။

“အပြင်းစား ကြက်လည်လိမ်ရောဂါပေါ့။ အပြင်းစား ကြက်လည်လိမ်ရောဂါကလည်း ကြက်ငှက်တုပ်ကွေးလို သူကလည်း အန္တရာယ်ရှိတယ်။ ကျနော်တို့ဌာနကို သူတို့ လာပြတယ်။ ဌာနက စစ်ဆေးပြီးတော့ အကြမ်းဖျင်း စတွေ့တာ။ ကြက်ငှက်တုပ်ကွေးတော့ မဟုတ်သေးဘူး။”

အခုနေခါ အိမ်နီးချင်းနိုင်ငံတချို့မှာ ကြက်ငှက်တုပ်ကွေးရောဂါ တကျော့ပြန် ဖြစ်ပွားနေတာကြောင့် ကြက်တင် မဟုတ်ဘဲ မြန်မာပြည်မှာ ဖြစ်ပွားခဲ့ဖူးတဲ့ ၀က်နားရွက်ပြာလို ရောဂါမျိုး ပြန်လည်မဖြစ်ပွားရအောင် ဒေါက်တာအောင်ကြီးက အခုလို အကြံပြု ပြောကြားသွားပါတယ်။

“၂၀၀၈-၀၉ တုန်းက ၀က်နားရွက်ပြာရောဂါဖြစ်တုန်းကဆိုရင် အိမ်မဲမြို့မှာ ၀က်နာကင်း ကင်းစောင့်တာလုပ်တယ်။ ဆိုလိုတာက ၀က်မကျန်းမာရင်၊ နေမကောင်းရင် အပြင်ကို ထုတ်မရောင်းဖို့။ ၀က်ကို ကြပ်ကြပ်မတ်မတ် ဆေးဝါးကုသဖို့နဲ့ စောင့်ရှောက်ဖို့၊ အဲလိုအဖွဲ့လေးတွေ ဖွဲ့လုပ်တော့ ရောဂါကူးစက်ပျံ့နှံ့မှုတွေမဖြစ်ဘူး။ အဲတော့ တိရစ္ဆာန်ကူးစက်ရောဂါတွေသည် လူတွေက သယ်ယူသွားလို့ ကူးစက်ပျံ့နှံ့တာ။ ကျနော်တို့ လူတွေအားလုံးက အသိစိတ်ဓာတ်ရှိရှိနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ရင် ကူးစက်ရောဂါတွေဟာ မပြန့်ပွားနိုင်တော့ဘူး။”

ပြီးခဲ့တဲ့လထဲ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က ၀က်ခြံတခြံမှာ အပြင်းစား ၀က် တိုက်ဖွိုက်ရောဂါကြောင့် ၀က်ကောင်ရေ ၄၀ လောက် တပြိုင်တည်း သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013