Home
မြန်မာသတင်း
ကျောက်မဲတွင် ရွာသား ၂ ဦး မိုင်းထိ ဒဏ်ရာရ
နန်းမြနဒီ
·
January 8, 2020
81812320_2027031147443159_5536182324506394624_n
82181625_2027031220776485_4182213022816665600_n
81509218_2027031294109811_2077360790700032000_n
81355670_2027031354109805_8983750756234428416_n
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့က ရွာသား ၂ ဦး မိုင်းနင်းမိလို့ ဆေးရုံမှာ တက်ရောက်ကုသနေရပါတယ်။  ကျောက်မဲမြို့နယ် ကွင်းစလန်းကျေးရွာအုပ်စု ပန်လော့ရွာက ကိုထွန်းလူ၊ အိုက်ဟိန်းတို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ၆ ရက်နေ့က မိုင်းငေါ့မြို့မှာ ဆိုင်ကယ်ပစ္စည်းတွေ သွားဝယ်ပြီး ဆိုင်ကယ်နဲ့အပြန် မိုင်းငေါ့မှ ၄ မိုင်ခွဲအကွာ နမ့်တွေရွာနားမှာ လက်လုပ်မိုင်းထိမိတာလို့ ဒဏ်ရာရသူတွေကို အကူအညီပေးခဲ့တဲ့ ကျောက်မဲမြို့ ဇီဝိတဒါနလူမှုကူညီရေး အသင်း ဥက္ကဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။  “ဖြစ်တာက ၆ ရက်နေ့ ညနေပိုင်းက၊ ကျောက်မဲဆေးရုံကိုတော့ မနေ့ညနေမှ ရောက်လာ တယ်။ သူတို့ရွာက မြို့နဲ့လည်း‌ဝေးတယ်လေ။ သူတို့က ပန်လော့ရွာကနေ  မိုင်းငေါ့မှာ ဈေးလာဝယ်နေကျ။ အဲဒီနေ့ နမ့်တွေရွာကနေ ကျော်လာပြီးတော့ လမ်းဘေးမှာ ထောင်ထားတဲ့ မိုင်းကို ဆိုင်ကယ်နဲ့ တိုက်မိတာ၊ ဆိုင်ကယ်က အရှိန်နဲ့ သွားတဲ့အတွက် သူတို့ လွန်ပြီးမှ ပေါက်ကွဲတယ်။ မိုင်းစတွေက သူတို့ ၂ ယောက်လုံးရဲ့ ဝဲဘက် ခြေထောက်တွေ၊ ခါးတွေ၊ လက်တွေ၊ တစ်တောင်ဆစ်၊ ခြေကျင်းဝတ်၊ လက်ကောက်ဝတ်တွေ ထိသွားတယ်။ ပြီးတော့ သူတို့ ၂ ယောက်လုံး အဲဒီမှာ မေ့လဲသွားကြတယ်။ ရွာသားတွေက လာတွေ့တော့ နမ့်တွေရွာကို ခေါ်သွားတယ်။ ရှေးဦးသူနာပြုစုပေးပြီး မိုးချုပ်သွားတယ်။ နောက်နေ့မနက် (ဇန်နဝါရီ ၇ ရက် မနက်)မှ ကျနော်တို့ကို အကြောင်းကြားလာလို့ အိုတမာပလောင် လူမှုကူညီရေးအသင်းနဲ့ ဆက်သွယ်ပြီး ကျောက်မဲဆေးရုံကို သယ်လာခဲ့တာပါ။ ခရီးကဝေးပြီး လမ်းလည်းကြမ်းတော့ ညနေမှရောက်လာကြတယ်။” ကျောက်မဲမြို့နယ်ထဲမှာ  ပြီးခဲ့တဲ့နှစ်ကလည်း ရွာသားတွေ လက်ဖက်ခြံသွားရင်း၊ ဈေးသွားရင်း မိုင်းနင်းမိကာ အသက်ဆုံးရှုံးဒဏ်ရာရခဲ့တာတွေရှိခဲ့ပါတယ်။  အဲဒီဒေသမှာ တီအန်အယ်လ်အေ ပလောင်တပ်၊ အက်စ်အက်စ်အေ တောင်ပိုင်းနဲ့ မြောက်ပိုင်း ရှမ်းတပ် ၂ ဖွဲ့ နဲ့ မြန်မာ့တပ်မတော်တို့ လှုပ်ရှားလျက်ရှိပြီး မကြာမကြာ ထိတွေ့ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ကျောက်မဲဒေသခံတွေက ပြောပါတယ်။  ဓာတ်ပုံ- ဦးတင်မောင်သိန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024