ယူကရိန်း ခရီးသည်တင်လေယာဉ်ပျက်ကျမှု၊ ယာဉ်ပေါ်ပါသူ ၁၇၆ ဦးစလုံး သေဆုံး

[Abedin Taherkenareh/EPA]
(Breaking News) အီရန်ပိုင်နက်တွင်း ပျက်ကျခဲ့တဲ့ ယူကရိန်းခရီးသည်တင်လေယာဉ်ပျက်ကျမှုမှာ ယာဉ်ပေါ်ပါသူ လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေအားလုံး သေဆုံးသွားခဲ့တယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဆိုပါလေယာဉ်ဟာ ယူကရိန်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပိုင် လေယာဉ်တစီး ဖြစ်ပြီး အီရန်နိုင်ငံ၊ တီဟရန်မြို့၊ အီမာန်ခိုမီနီလေဆိပ်မှ ထွက်ခွာပြီး မကြာခင်ပျက်ကျခဲ့တာလို့ Fars သတင်းအေဂျင်စီက ဆိုပါတယ်။ လေယာဉ်ပေါ်မှာတော့ လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်စုစုပေါင်း ၁၇၆ ဦး လိုက်ပါခဲ့ပြီး အားလုံး သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းက ထုတ်ပြန်ပါတယ်။ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာကလည်း လေယာဉ်အမှုထမ်း ၉ ဦးနဲ့ ခရီးသည် ၁၆၇ ယောက်စလုံး အသက်ရှင် လွတ်မြောက်သူ တယောက်မှ မရှိဘူးလို့ အတည်ပြုထားပါတယ်။ လေယာဉ်ဟာ ယူကရိန်းနိုင်ငံမြို့ တော်ကိယက်ဗ်ကို သွားမယ့် ခရီးလမ်းကြောင်း ဖြစ်ပြီး အစောပိုင်း သတင်းထုတ်ပြန်ချက်တွေမှာတော့ လူပေါင်း ၁၈၀ လောက် လိုက်ပါလာတယ်လို့ ဆိုပါတယ်။ အီရန်-အမေရိကန် ထိပ်တိုက်ရင်ဆိုင်တွေ့မယ့် စစ်ရေးတင်းမာမှု ဖြစ်နေချိန်မှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ ဘာကြောင့် ဖြစ်ရတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အီရန် သတင်းမီဒီယာတွေမှာတော့ ဒါဟာ စက်ပိုင်းနည်းပညာဆိုင်ရာ ပြဿနာတခုကြောင့် ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီကတော့ “ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေရဲ့ ဆွေမျိုးမိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ဝမ်းနည်းကြေကွဲရပါတယ်”လို့ ပြောလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up