မင်းပြားတွင် တပ်မတော်နှင့်အေအေ တိုက်ပွဲဖြစ်ပွား
ဝဏ္ဏခွာညို
·
January 8, 2020
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သင်းပုန်းချောင်းနဲ့ ခွဆုံးကျေးရွာကြား အမ်းတောင်တန်းတွေ ကြားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ ဒီနေ့မနက် တိုက်ပွဲဖြစ်ပွားနေပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာကို တပမတော်ဘက်က ရဟက်ယာဉ်နှစ်စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်နဲ့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့ မနက်ပိုင်း ၉ နာရီမှာ သင်းပုန်ချောင်းကျေးရွာနဲ့ နှစ်ဖာလုံနဲ့ အကွာအဝေးမှာရှိတဲ့ အမ်းလမ်းတောင်တန်းမှာ တိုက်ပွဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ ၁၁ နာရီလောက်မှာ လာရောက်ပစ်ခတ်ခဲ့တယ်လို့ သင်းပုန်းချောင်းကျေးရွာ မျက်မြင်တွေက ပြောဆိုပါတယ်။
“ကျနော်တို့ သင်းပုန်းချောင်းအရှ့ဘက် အမ်းလမ်းတောင်တန်းမှာဖြစ်ကြတာ။ မနက်ပိုင်း ၉ နာရီနှစ်ဖက်တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲဖြစ်လို့အပြီးမှာ စစ်တပ်ကနေပြီး ကျနော်တို့ရဲ့ ရွာထိပ်ကနေ လေယာဉ်နှစ်စီးလာပစ်တယ်။ ပစ်တာ ၁၅ မိနစ်လောက်ကြာတယ်။ ရဟတ်ယာဉ် နှစ်စီးနဲ့လာပစ်တာ” လို့ပြောပါတယ်။
အဲ့ဒီတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ သင်းပုန်းချောင်း၊ ခွဆုံ(ရခိုင်ရွာ)၊ စတဲ့ ကျေးရွာတွေရှိကြပြီး အားလုံးနီးပါးက ဇီးပင်ကြီးကျေးရွာ ကိုထွက်ပြေးကြတယ်လို့ သင်းပုန်းချောင်းကျေးရွာက ကျေးရွာလူကြီးက ပြောဆိုပါတယ်။
မင်းပြားမြို့နယ်အမှတ် (၁) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “တိုက်ပွဲဖြစ်ပွားတာဟုတ်တယ်။ တိုက်ပွဲဖြစ်ပွားနေရာကိုတပ်က လေယာဉ်နှစ်စီးနဲ့ လာပစ်တာကိုမြင်တယ်။ ပြီးတော့ ကျနော်တို့ ကျိန်းတောင်ဘုရားထက်ကလည်း တပ်ကနေ လက်နက်ကြီးတွေလှမ်းပစ်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာကို လှမ်းပစ်နေတာ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့ကမ င်းပြားမြို့နယ် ငှက်ပျောချောင်းကျေးရွာအနီး၊ သင်းပုန်းချောင်း ကျေးရွာရဲ့ ၁ မိုင်ခန့်အကွာမှာ တပ်မတော်ယာဉ်တန်းမှ ကားနှစ်စီးမိုင်းဆွဲခံရပြီးနောက် သင်းပုန်းချောင်းကျေးရွာက ကျေးရွာသားနှစ်ယောက် ပျောက်ဆုံးနေတယ်လို့ သင်းပုန်းချောင်း ကျေးရွာသားတွေက ပြောဆိုပါတယ်။
ပျောက်ဆုံးနေသူတွေဟာ ဦးမောင်သန်းမြင့်နဲ့ ကိုဝင်းမောင်တို့ ဖြစ်ပြီး ဘယ်လက်နက်ကိုင်းအဖွဲ့အစည်းက ဖမ်းဆီး ခေါ်ဆောင်သွားတယ်ဆိုတာ မသိဘူးလို့ သင်းပုန်းချောင်းကျေးရွာသားတွေက ပြောဆိုပါတယ်။
အခုတိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဖုန်းဆက်မေးမြန်ရာမှာ ဖုန်းလက်ခံဖြေဆိုတာမရှိသေးသလို ရက္ခိုင့်တပ်တော် အေအေဖက်ကို ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။