Home
မြန်မာသတင်း
ဝေါမြို့နယ်တွင် ပဲခင်းများ ဖျက်ဆီးမှုဖြင့် အုပ်ချုပ်ရေးမှူးပါ လူ ၇၀ ကျော်ကို ရဲက လိုက်လံဖမ်းဆီး
DVB
·
January 8, 2020
ပဲခူးတိုင်း ဝေါမြို့နယ်မှာ ပဲခင်းအတွင်း ကျွဲ၊ နွားတွေ ဝင်ရောက်ဖျက်ဆီးမှုနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ရွာသူရွာသား ၇၀ ကျော်ကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ပဲခူးတိုင်း ဝေါမြို့နယ် မြစ်ကျိုးကျေးရွာက ကွင်းအမှတ်၊၇၅၁(က)နဲ့ ၇၅၁(ခ) မှာရှိတဲ့ လယ်ဧက ၁၀၀၀ ကျော်မှာ စိုက်ပျိုးထားတဲ့ပဲခင်းတွေထဲကို ကျွဲနွားတွေ ဝင်ရောက်ဖျက်ဆီးမှု ကြောင့် ဧက ၄၀၀ ကျော်လောက် ပျက်စီးသွားပါတယ်။  အခုလို ပဲခင်းတွေ ပျက်စီးရတာဟာ ကျေးရွာအုပ် ချုပ်ရေးမှူး အပါအဝင် ရွာသူရွာသား ၇၀ ကျော်က သူတို့ရဲ့ကျွဲနွားတွေကို တမင်သက်သက် လွှတ်ကျောင်းခဲ့တာဆိုပြီး တောင်သူ ၁၅ ယောက်လောက်ကနေ မြစ်ကျိုးရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတဲ့အတွက် ဇန်နဝါရီ ၅ ရက်နေ့ကစပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသူရွာသား ၇၅ ယောက်ကို လိုက်လံဖမ်းဆီးနေတယ်လို့ အဲဒီရွာရဲ့ရပ်မိရပ်ဖတဦးက ပြောပါတယ်။ ဒေသခံကျွဲနွားကျောင်းသမား ဦးသိန်းအောင်က “အခုတောင်သူတွေ ပဲစိုက်ထားတဲ့မြေတွေက အရင်က စားကျက်မြေတွေပါ။ ၁၉၉၆ ခုနှစ်လောက်မှာ စစ်တပ်ကနေသိမ်းယူပြီးနောက် ၂၀၁၇ ခုနှစ်မှာ အဲဒီမြေတွေကိုစစ်တပ်က ပြန်လည်စွန့်လွှတ်ခဲ့ပါတယ်။ ဒါပေမယ် စစ်တပ်က ပြန်စွန့်တဲ့အခါ မူလစားကျက်မြေအတိုင်း မဟုတ်ဘဲ ၂၀၁၅ ခုနှစ်ကတည်းက ပုံစံ ၇ ထွက်ထားတယ်ဆိုပြီး လူတစုက တောင်ယာတွေ စိုက်ပျိုးနေကြတဲ့အတွက် သက်ဆိုင်ရာကိုရော ပြီးခဲ့တဲ့နှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပဲခူးလာစဉ်ကလည်း လူထုတွေ့ဆုံပွဲမှာ တင်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေကနေ အဲဒီမူမမှန်တဲ့ပုံစံ ၇ တွေနဲ့ပတ်သက်ပြီး တစုံတရာ စိစစ်ပေးတာ မရှိတာကြောင့် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဒေသခံ ကျွဲနွားပိုင်ရှင်တွေကနေ အဲဒီမြေဟာ ဘယ်လို မြေအမျိုးအစားလဲဆိုတာ သိရှိဖို့အတွက် အခုပြဿနာဖြစ်နေတဲ့ ပဲခင်းတွေထဲကို ကျွဲနွားတွေ လွှတ်ကျောင်းပြီး အဖြေရှာခဲ့တာ”လို့ ပြောပါတယ်။ မြစ်ကျိုးကျေးရွာမှာ မူလ စားကျက်မြေ ဧက ၁၂၆၀ ရှိပြီး ၁၀၉၃ ဧကကို ၁၉၉၈ / ၉၉ လောက်ကတည်းက စားကျက်မြေအဖြစ်ကနေ ပယ်ဖျက်ထားပြီးကြောင်း နဲ့အဲဒီမြေတွေကို သူတို့ပြောသလို ၂၀၁၇ မှာ စစ်တပ်ကနေ ပြန်စွန့်တာမဟုတ်ပဲ ၂၀၁၄ လောက်ကတည်းက ပြန် စွန့်ခဲ့တဲ့အတွက် ၂၀၁၅ မှာကတည်းက အရင် စစ်တပ်နဲ့အကျိုးတူလုပ်ခဲ့သူတွေကို ပုံစံ ၇ တွေ ထုတ်ပေးခဲ့တာလို့ဝေါမြို့နယ် မြို့နယ်မြေစာဦးစီးမှူး ဦးအောင်ဖြိုးသော်က ပြောပါတယ်။ လက်ရှိပုံစံ ၇ ကိုင်ပြီးစိုက်ပျိုးနေသူတစ်ဦးကတော့ သူ့အနေနဲ့ ပုံစံ ၇ ရရှိအောင် အရင်ကကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း နဲ့စာရေးတို့ကို ငွေပေးပြီး ရယူခဲ့ရတာလို့ လက်ရှိ ပုံစံ ၇ ကိုင်ထားသူလယ်သမား ကိုဆန်းလွင်ဦးက ခုလိုပြောပါတယ်။ အဲဒီလို ပဲခင်းတွေအတွင်း ကျွဲနွားတွေ တမင်တကာဝင်ကျောင်းတဲ့အတွက် ပဲတွေ စပါးတွေ ပျက်စီးကုန်တဲ့အတွက် ဒေါ်တင်အုန်း နဲ့ အခြားတောင်သူ ၁၄ ဦးလောက်ကနေ သီးသန့်စီ အဲဒီ ကျွဲနွားသမားတွေကို မြစ်ကျိုးရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကျိုးရဲစခန်းမှူးကို သွားရောက်တွေ့ဆုံမေးမြန်းရာမှာ လက်တလောတယောက်ပဲ ဖမ်းမိသေးပြီး ကျန်တဲ့သူတွေက တိမ်းရှောင်နေကြတဲ့အတွက် ဘယ်သူတွေပါတယ်၊ ဘာပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာ အားလုံးကို ဖမ်းမိပြီးမှ ပြောနိုင်မယ်လို့ ဆိုပါတယ်။ သတင်း - အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024