ဧရာဝတီတိုင်းတွင် ၂၀၁၉ ခုနှစ်အတွင်း အမှုကြီးဖြစ်ပွားမှု ၁၀၀ ကျော် လျော့နည်း
DVB
·
January 8, 2020
ဧရာဝတီတိုင်းမှာ ၂၀၁၉ ခုနှစ်အတွင်း မှုခင်းဖြစ်ပွားမှု အရင်နှစ်ကထက် အမှုကြီး ၁၀၀ ကျော် လျော့နည်းသွားတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
၂၀၁၈ ခုနှစ်က မှုခင်းဖြစ်ပွားမှု အမှုကြီး ၄၆၀ နီးပါးထိရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ အမှုကြီး ၃၅၀ ကျော်သာ ရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းရွှေက ဒီဗွီဘီကို ပြောပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ဧရာဝတီတိုင်းအတွင်းမှာ အမှုကြီး ၃၅၂ မှု၊ အခြားမှု ၆၇၀၄ မှု နဲ့ ကြိုတင်ကာကွယ်မှု ၄၇၃၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ မှုခင်းဖြစ်ပွားတာတွေ လျော့နည်းလာအောင် မှုခင်းဖြစ်ပွားမှု လျော့နည်းရေး စီမံချက်တွေ၊ မှုခင်းအသိပညာပေး ဟောပြောမှုတွေ၊ မှုခင်းမဟာဗျူဟာ စီမံချက်တွေရေးဆွဲပြီး ကြိုးစားဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
မင်းထက်မုန်း (ပုသိမ်)