Homeမြန်မာသတင်း
ရန်ကုန်တိုင်းအစိုးရ စာရင်းစစ်ချုပ်အစီရင်ခံစာ ထိမ်ချန်ထားဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ ထောက်ပြ
ရန်ကုန်တိုင်းအစိုးရ စာရင်းစစ်ချုပ်အစီရင်ခံစာ ထိမ်ချန်ထားဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ ထောက်ပြ
DVB
·
January 7, 2020

ရန်ကုန်တိုင်းအစိုးရက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြည်နယ်နဲ့တိုင်း ၅ ခုစာလောက် ဘဏ္ဍာငွေသုံးစွဲထားပြီး စာရင်းစစ်ချုပ် အစီရင်ခံစာကို ထိမ်ချန်ထားတာ တွေ့ရတယ်လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက ထောက်ပြလိုက်ပါတယ်။
ရန်ကုန်တိုင်းအစိုးရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာကို တိုင်းအစိုးရအဖွဲ့ရဲ့ တားမြစ်ချက်ကြောင့် အရင်နှစ်ကလို ရန်ကုန်တိုင်း လွှတ်တော်မှာ တင်ပြခြင်း မရှိသလို လွှတ်တော် ဥက္ကဋ္ဌနဲ့ ပြည်သူ့ငွေစာရင်းကော်မတီကိုသာ ပေးပို့ခဲ့တာပါ။
စာရင်းစစ်ချုပ်အစီရင်ခံစာထဲမှာ YBS အများပိုင်ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ပြည်သူပိုင်ငွေကြေးတွေ၊ ရန်ကုန်မြို့သစ်စီမံကိန်းအပေါ် ရင်းနှီးမြှုပ်နှံမှုတွေ၊ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေကို စီမံခန့်ခွဲရေးစရိတ်တွေမှာ သုံးစွဲထားတာ၊ အစိုးရကို ပေးစရာရှိတဲ့ ဘီလီယံချီတဲ့ အကြွေးတွေနဲ့ ၂၀၁၇-၂၀၁၈ အစိုးရ သုံးထားတဲ့ ဘီလီယံပေါင်း ၄၆၅ ဘီလီယံကျော် သုံးစွဲမှုတွေ ပါဝင်နိုင်ပြီး အဲဒီအပေါ် ထိမ်ချန်ထားတာ တွေ့ရတယ်လို့ ဒေါက်တာညိုညိုသင်းက ထောက်ပြပါတယ်။
“ရန်ကုန်တိုင်းအစိုးရရဲ့ သုံးငွေတွေဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် သုံးတာ ရှိတယ်။ ၂၀၁၇-၂၀၁၈ မှာဆိုရင် ၄၆၅ ဒသမ ၇ ဘီလီယံသုံးတာ ရှိတယ်။ ၄၆၅ ဒသမ ၇ ဘီလီယံ ဆိုတာ တချို့ ပြည်နယ်နဲ့တိုင်း ၅ ခုစာလောက်ကို သုံးတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း အစိုးရ ဒီလောက် ပိုက်ဆံအများကြီးကို သုံးထားတယ်။ ဒါပေမဲ့ သူ့ရဲ့လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကို ထိမ်ချန်ထားရာရောက်တဲ့ အပြအမူတွေကို အထင်အရှား တွေ့နေရတယ်။”
စာရင်းစစ်ချုပ်အစီရင်ခံစာကို ပွင့်လင်းမြင်သာစွာ ချမပြတဲ့အပေါ် ရန်ကုန်စောင့်ကြည့်အဖွဲ့အနေနဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ တင်ပြမှုမရှိရင် နိုင်ငံတော်သမ္မတအထိ အစီရင်ခံစာပေးပို့သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကလည်း ရန်ကုန်တိုင်းအစိုးရကို ကျော်စောသတင်းနဲ့ စောင့်ကြည့်ပေးဖို့ ရန်ကုန်စောင့်ကြည့်အဖွဲ့က ဇန်နဝါရီ ၆ ရက်နေ့က ကျောက်တံတားမြို့နယ် Myanmar Press Fredom Centre မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တိုက်တွန်းခဲ့တာပါ။
ရန်ကုန်စောင့်ကြည့်အဖွဲ့ ဒါရိုက်တာ ဒေါ်နီနီခိုင်က “အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့လည်း စာရင်းစစ်ချုပ် အစီရင်ခံစာမူရင်း ဖော်ပြမထားခြင်းရဲ့ နောက်ကွယ်မှာ လုပ်ပိုင်ခွင့်ရှိသူများရဲ့ တာဝန်ပျက်ကွက်မှုကြောင့် နိုင်ငံတော်ကို နစ်နာစေမှုများကို ဖော်ထုတ်ရန်ဖြစ်စေ၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ တစုံတဦးတဖွဲ့ကို အကျိုးရှိစေခြင်းတို့ကို ဖော်ထုတ်နိုင်ရန်ဖြစ်စေ၊ အစီရင်ခံစာပါကိစ္စများနှင့် စပ်လျဉ်း၍ ကျော်စောသတင်းအဖြစ် မှတ်ယူနိုင်ရန်ဖြစ်စေ၊ မျက်ခြည်မပြတ် စောင့်ကြည့် ဖော်ထုတ်သင့်ပါကြောင်း တိုက်တွန်းအပ်ပါတယ်”လို့ ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “အခု စာရင်းစစ်ချုပ် အစီရင်ခံစာဆိုတာ ဒေသဆိုင်ရာ ဝန်ကြီးချုပ်ကို အရေးယူဖို့ လိုအပ်သလို ပြင်ဆင်ဖို့အတွက် သူ ပြင်ဆင်စရာရှိလည်း ပြင်၊ အရေးယူစရာရှိလည်း အရေးယူဖို့အတွက် သူ့ကို စာရင်းစစ်ချုပ်က လွှတ်တော်ကနေတဆင့် ဝန်ကြီးချုပ်ကို အစီရင်ခံလိုက်တာ။ ဝန်ကြီးချုပ်က သူကိုယ်တိုင်ကလည်း ပြင်ဆင်စရာရှိတာကို သူကိုယ်တိုင်ကလည်း မပြင်ဘူး၊ အရေးယူစရာရှိတဲ့သူကို အရေးမယူဘူးဆိုရင် အဲဒီဝန်ကြီးချုပ်ကို သမ္မတက အရေးယူရမယ်။” လို့ ပြောပါတယ်။
အစိုးရသစ် တက်လာပြီးနောက်ပိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာတွေကို ၂၀၁၅-၂၀၁၆ ခုနှစ်နဲ့ ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် လွှတ်တော်ကိုယ်စားလှယ်တိုင်းကို ကြိုတင် ဖြန့်ဝေခဲ့ပါတယ်။ အခုနှစ်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေဆီ ဖြန့်ဝေတာ မရှိခဲ့ပါဘူး။
စိုးမိုးအောင်