မကွေးတိုင်း၌ ပြည်ပထွက်ခွာအလုပ်လုပ်နေသူ ၈ သိန်းကျော်ရှိ
DVB
·
January 7, 2020
မြန်မာနိုင်ငံနဲ့ MOU လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ ၁၀ နိုင်ငံကို မကွေးတိုင်းကနေ သွားရောက် အလုပ်လုပ်ကိုင်သူ ၈ သိန်း ကျော်ရှိတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ဆွေက ပြောပါတယ်။
MOU ထိုးထားတဲ့ နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ ဂျပန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ကာတာ၊ ဂျော်ဒန် နဲ့ ယူအေအီး စတဲ့နိုင်ငံတွေမှာ မြန်မာနိုင်ငံက လုပ်သားတွေက သွားရောက်လုပ်ကိုင်နေကြပါ။
အဲဒီထဲက မကွေးတိုင်းအတွင်းက လုပ်သားတွေကတော့ ထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံကို အများဆုံး သွားရောက်လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းအတွင်းက ကျေးလက်နေလူဦးရေဟာ ၈၅ ရာခိုင်နှုန်းရှိပြီး ပြည်ပကို ထွက်ခွာလုပ်ကိုင်သူ အများစုကလည်း ကျေးလက်နေပြည်သူတွေဖြစ်ကာ ဒေသတွင်းအလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာ ကွာခြားမှုတွေကြောင့် အခုလို ပြည်ပကို သွားရောက်လုပ်ကိုင်ကြတာလို့ ကျေးလက်နေပြည်သူတွေက ပြောပါတယ်။
မကွေးတိုင်း အစိုးရအဖွဲ့ကတော့ တိုင်းအတွင်းမှာ အလုပ်ကိုင်အခွင့်အလမ်းတွေ ရရှိစေဖို့ လူငယ်တွေကို စက်မှုသင်တန်းကျောင်းတွေ ဖွင့်လှစ်ပြီး သင်ပေးနေတဲ့အပြင် NGO အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စက်မှု လက်မှုသင်တန်းတွေပို့ချပေးနေတယ်လို့ ပြောပါတယ်။