မကွေးတိုင်းကျေးလက်ရေရှိရေးလုပ်ငန်း ၁၆၂ ခုပြီးစီးဟု ဝန်ကြီးချုပ် ပြော
DVB
·
January 6, 2020
မကွေးတိုင်းမှာ ကျေးလက်သောက်သုံးရေ ရရှိရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းပေါင်း ၁၆၂ ခု ပြီးစီးဆောင်ရွက်ခဲ့တယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
"မြန်မာနိုင်ငံ အလယ်ပိုင်းဟာ အပူပိုင်းဇုန်တိုင်းသုံးတိုင်းမှာ ပါဝင်တဲ့အတွက် မကွေးတိုင်းဒေသကြီးဟာ တခြားတိုင်းဒေသကြီးများနဲ့ ယှဉ်မယ်ဆိုလို့ရှိရင် မိုးရေချိန် အင်မတန်နည်းပါးတဲ့အတွက်ကြောင့် ရေလိုအပ်မှုမြင့်မားလျက်ရှိပါတယ်။ ဒါအတွက်ကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေနဲ့ ကျေးလက်ဒေသ ရေရရှိရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၁၈၊ ၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ရေရှိရေး လုပ်ငန်းပေါင်း ၁၆၂ ခု ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။"
မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာကုလသမဂ္ဂရဲ့ လူသားတိုင်း သန့်ရှင်းသေသောက်သုံးရေနှင့် မိလ္လာ စနစ်ရရှိရေး စဉ်ဆက်မပြတ်သော စီမံခန့်ခွဲမှု ပန်းတိုင်အရ ကျေးလက်နေပြည်သူအားလုံး သန့်ရှင်းသော သောက်သုံးရေးရရှိရန် ရွည်ရွယ်ပြီး အကောင်အထည်ဖော် ဆောက်ရွက်နေတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုညိုဟာ ချောက်မြို့နယ် ထန်းခြောက်ပင်ကျေးရွာမှာ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇန်နဝါရီ ၄ ရက်နေ့က စက်ရေတွင်းနဲ့ စင်မြင့်ရေစင် ဖွင့်လှစ်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။
ချောက်မြို့နယ် ထန်းခြောက်ပင်ကျေးရွာမှာ မြေအောက်ရေ စက်ရေတွင်း တူးဖော်တာ၊ ရေဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်တာ၊ လျှပ်စစ်လိုင်းနဲ့ ပါဝါမီတာ တပ်ဆင်တာ စတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးခဲ့တယ်လို့ မကွေးတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောပါတယ်။
ချောက်မြို့နယ်မှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ငွေကျပ်သန်းပေါင်း ၂၄၅ သန်းကျော် သုံးစွဲကာ သောက်သုံးရေရှားပါးတဲ့ ကျေးရွာ ၈ ရွာမှာ မြေအောက်ရေ စက်ရေတွင်းတူးဖော်တာ၊ ကျေးရွာ ၆ ရွာမှာ ဂါလန် ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်တာ၊ ကျေးရွာအချိုမှာ ရေသွယ်တန်း ပေးတာနဲ့ ရေအုတ်ကန်တည်ဆောက်တာတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ချောက်မြို့နယ်မှာ အခုဘဏ္ဍာနှစ်မှာတော့ ဘက်ဂျက်ငွေကျပ်သန်းပေါင်း ၉၁ သန်းကျော် သုံးစွဲပြီး နှစ်စဉ် သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ ကျေးရွာ သုံးရွာမှာ စက်ရေတွင်း သုံးတွင်း တူးဖော်တာ၊ ကျေးရွာတရွာရှိ မြေသားကန် တူးဖော်တဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသက်နိုင်က ပြောပါတယ်။
ကိုလင်း(ချောက်)