ဗန်ပါစီ၏ဝေဖန်မှုကို ဆိုးလ်ရှား တုံ့ပြန်

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့အပြီး သူ့ရဲ့တုန့်ပြန်မှုအပေါ် ဝေဖန်ခဲ့တဲ့ရော်ဘင် ဗန်ပါစီရဲ့ ဝေဖန်မှုကို ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။  အမ်းမရိတ်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်အတွင်း ယူနိုက်တက်အသင်းဟာ စိတ်ပျက်စ ရာ စွမ်းဆောင်ရည်နဲ့အတူ နှစ်ဂိုး ဂိုးမရှိဆိုတဲ့ အရှုံးရလဒ်နဲ့နှစ်သစ်ကိုဖွင့်လှစ်ခဲ့ရပါတယ်။ အစဉ်အလာပြိုင်ဘက် အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ပွဲအပြီးသတင်း စာရှင်းလင်းပွဲမှာ ဆိုးလ်ရှားဟာ ပြုံးပြုံး ပြုံးပြုံးလုပ်နေတာ မဖြစ်သင့်ဘူးလို့ BT Sport ရုပ်သံမှာ အစီအစဉ်တင်ဆက်သူလုပ်နေတဲ့ ဗန်ပါစီက ဝေဖန်ခဲ့တာပါ။ “သူပြောတာ နားထောင်ကြည့်တော့ သူ့ပုံစံက အရမ်းကိုနူးညံ့သိမ်မွေ့တဲ့ ပုံစံပေါက်နေပါတယ်။ ကျနော်ဘက်ကတော့ သူ့အနေနဲ့ စိတ်ထဲတခုခုဖြစ်နေတာ၊ စိတ်ဆိုးနေတာ မျိုးကိုမြင်ချင်ပါတယ်။ ဒါပေမယ့် သူဟာ စိတ်ဆိုးနေရမယ့်အစား ပြုံးပြုံး ပြုံးပြုံး လုပ်နေခဲ့ပြီးတော့  ဒါဟာ ဒီလိုတုံ့ပြန်ရမယ့်အချိန်မဟုတ်ပါဘူး”လို့ ယူနိုက်တက်တိုက်စစ်မှူးဟောင်းက ဆိုးလ်ရှားကို ဝေဖန်ခဲ့ပါတယ်။  ဗန်ပါစီရဲ့ဒီလိုဝေဖန်မှုကို ဆိုးလ်ရှားက အရေးတယူရှိခဲ့ပြီးတော့ အက်ဖ်အေဖလား တတိယအ ကျော့အတွက် သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်ထိုးနှက်ခဲ့ပါတယ်။  “ကျနော်ရော်ဘင့်အကြောင်းကို မသိပါဘူး။ အဲ့လိုပဲ ရော်ဘင်ကလည်း ကျနော်အကြောင်းကို မသိပါဘူး။ သူ့မှာ ကျနော့်ရဲ့စီမံခန့်ခွဲမှုပုံစံကို ဝေဖန်ခွင့်မရှိသလို ကျနော်လည်း ဒီပုံစံကိုပြောင်းလဲ သွားမှာ မဟုတ်ပါဘူး” လို့ ယူနိုက်တက်နည်းပြကပြောပါတယ်။  ဆိုးလ်ရှားနဲ့ ဗန်ပါစီတို့ဟာ ယူနိုက်တက်တိုက်စစ်မှူးဟောင်း နှစ်ဦးဖြစ်ပေမယ့် သူတို့ဟာ အသင်းမှာ အတူတကွ တွေ့ဆုံခဲ့ခြင်းတော့ မရှိပါဘူး။  ဆိုးလ်ရှားဟာ ဗန်ပါစီ ယူနိုက်တက်ကို ရောက်မလာခင် တနှစ်ကတည်းက ယူနိုက်  တက်အသင်းကနေ ထွက်ခွာသွားခဲ့သူပဲဖြစ်ပါတယ်။  ဆိုးလ်ရှားရဲ့ တချိန်က ယူနိုက်တက်အသင်းဖော်တော်တော်များများဟာ လက်ရှိအချိန်မှာ သတင်းဌာနအသီးသီးမှာ အစီစဉ်တင်ဆက်သူတွေအဖြစ်  ဆောင်ရွက်နေကြပေမယ့် ဗန်ပါစီကတော့ ဆိုးလ်ရှားနဲ့ တွဲမကစားခဲ့ဖူးတဲ့ အစီစဉ်တင်ဆက်သူ ယူနိုက်တက်ကစားသမားဟောင်း အနည်းငယ်ထဲက တဦးပဲဖြစ်ပါတယ်။  အစီစဉ်တင်ဆက်သူတွေအဖြစ်ဆောင်ရွက်နေတဲ့ ယူနိုက်တက်ကစားသမားဟောင်းတချို့ ဟာ ယူနိုက်တက်နည်းပြတွေကို ဝေဖန်လေ့ရှိကြပြီး ဆိုးလ်ရှားမတိုင်ခင် အသင်းကိုကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုဆိုရင်လည်း ယူနိုက်တက်ရဲ့ ၉၂ မျိုးဆက်တွေနဲ့ အပြန်အလှန်စကားစစ်ထိုးမှု များစွာ ရှိခဲ့ဖူးပါတယ်။   

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up