မိုင်းတုံမြို့နယ် နားကောင်းမူးကျောင်းတွင် ဆရာမလုံလောက်သဖြင့် သင်ကြားရေး အခက်ကြုံ DVB
DVB
·
January 4, 2020
ရှမ်းပြည်နယ် မိုင်းတုံမြို့နယ် နားကောင်းမူး အ-ထ-က ကျောင်းမှာ ကျောင်းသားဦးရေနဲ့ ဆရာ အချိုးမညီမျှတဲ့အတွက် ပညာသင်ကြားရေး အခက်အခဲရှိနေတယ်လို့ ကျောင်းအကျိုးဆောင်ဥက္ကဋ္ဌ ဦးအောင်ကြည်စိုးက ဒီဗွီဘီကို ပြောပါတယ်။
မူလတန်းဆရာလိုအပ်ချက်အပြင် အထက်တန်းသင်ဆရာ အင်အားမပြည့်စုံမှု၊ ဘာသာရပ်သင်ဆရာလိုအပ်ချက်တွေကြောင့် တက္ကသိုလ်ဝင်တန်းအောင်ချက် လုံးဝမရှိခဲ့တာကို စိုးရိမ်မိတယ်လို့ ကျောင်းသားမိဘဖြစ်သူ ဦးစိုင်းဆိုင်ဖူးက ပြောပါတယ်။
မူလတန်းပြဆရာမ ဒေါ်သဇင်ထက်က ကျောင်းသားအင်အားများပြားလွန်းနေပြီး တာဝန်ယူသင်ကြားပေးရတဲ့ ဆရာ အင်အားနဲ့ ကျောင်းသားအင်အား တစ်အချိုးတစ်ရာလောက် ရှိနေတာကြောင့် ထိန်းသိမ်းရေးနဲ့ သင်ကြားရေးအခက်အခဲတွေအပြင် ကလေးတဦးချင်း တတ်မြောက်မှုကို စစ်ဆေးနိုင်မှု အားနည်းခဲ့တယ်လို့ ပြောပါတယ်။
အထက်တန်းအတွက် အဓိကကျတဲ့ အင်္ဂလိပ်စာဘာသာရပ်သင် ဆရာလိုအပ်ချက်နဲ့ ကျောင်းသားအင်အားပေါ် မူတည်ပြီး ဆရာအင်အားကို ခွဲဝေအင်အားထက် ပိုမိုချထားပေးစေလိုတယ်လို့ ခေတ္တကျောင်းအုပ်တာဝန်ထမ်းဆောင်နေသူ အထက်တန်းပြဆရာ ဦးအေးမင်းကျော်က ပြောပါတယ်။
အဆိုပါကျောင်းမှာ အထက်တန်းကျောင်းသား ၂၅ ဦး၊ အလယ်တန်း ၂၀၇ ဦး၊ မူလတန်း ၆၄၃ ဦး၊ KG ၂၁၅ ဦးပညာသင်ကြားနေပြီး အထက်တန်းပြ ၃ ဦး၊ အလယ်တန်းပြ ၄ ဦးဦ မူလတန်းပြ ၆ ဦး တို့နဲ့ သင်ကြားမှုပေးနေရကာ ခွဲဝေအင်အားအရ အထက်တန်းပြဆရာ ၉ ဦး၊ အလယ်တန်းပြ ၃ ဦးနဲ့ မူလတန်းပြ ၁ ဦး လိုအပ်နေတယ်လို့ သိရပါတယ်။
အောင်ဇေယျ