မြဝတီမြို့နယ် အာရှလမ်းမကြီးတွင် ယာဉ်နှစ်စီး တိုက်မှုကြောင့် ၂၂ ဦး သေဆုံး
DVB
·
January 3, 2020
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အာရှလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၈) နဲ့ (၁၅၉)ကြားမှာ Probox ယာဉ် ၁ စီးနဲ့ ခရီးသည်တင်မှန်လုံ Express ယာဉ် ၁ စီးတို့ တိုက်မိခဲ့တာကြောင့် သေဆုံးသူ ၂၂ ဦး ရှိသွားပြီဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီလောက်က ပရိုဘောက်ကားနဲ့ အလင်းရောင်မိုး ခရီးသည်တင်ကားတို့ တိုက်မှုဖြစ်ပွားခဲ့ပြီး အလင်းရောင်မိုး ခရီးသည်တင်ကားဟာ ချောက်ထဲပြုတ်ကျခဲ့တာပါ။
အဆိုပါယာဉ်တိုက်မှုကြောင့် Probox ယာဉ်ပေါ်ပါ ကျား ၂ ဦး၊ မ ၅ ဦး၊ စုစုပေါင်း ၇ ဦး သေဆုံးပြီး ခရီးသည်တင်မှန်လုံ Express ယာဉ်ပေါ်ပါ ၃၅ ဦးအနက် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၁၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မြဝတီ၊ သင်္ဃန်းညီနောင်နဲ့ ကော့ကရိတ်မြို့နယ်မီးသတ်စခန်းတွေက မီးသတ်ယာဉ် ၂ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် ၂ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦးတို့က ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
သေဆုံးသူ အများစုဟာ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ကြမယ့် မြန်မာ အလုပ်သမားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။