ပဲခူးမြို့တွင် ဓားကိုင်သောင်းကျန်းနေသူ ဖမ်းဆီးရာမှ မူးယစ်ဆေးများ သိမ်းဆည်းရမိ
DVB
·
January 3, 2020
ပဲခူးမြို့မှာ ဓားကိုင်သောင်းကျန်းနေသူကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာမှ မူးယစ်ဆေးဝါးတွေပါ ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပဲခူးမြို့ဥသာမြို့သစ် ရပ်ကွက်ကြီး ၄ ဗိုလ်ချုပ်အောင်ဆန်းလမ်း CUPID ကေတီဗွီ ရှေ့မှာ ဇန်နဝါရီ ၂ ရက်နေ့ည ၁၁ နာရီလောက်က ဓားကိုင်သောင်းကျန်းနေတဲ့ ထွေးထွေး(ခ) ကိုထွေးအား လက်နက်ချအဖမ်းခံဖို့ ရဲတပ်ဖွဲ့က အကြိမ်ကြိမ်ပြောပေမယ့် လက်နက်မချတဲ့အတွက် မိုးပေါ်ကို သေနက်ပစ်ဖောက် လုံးထွေးဖမ်းဆီးခဲ့ရတယ်လို့ ပဲခူးမြို့အမှတ် ၃ နယ်မြေရဲစခန်းမှူး ရဲအုပ်နေလင်းက ပြောပါတယ်။
အဲဒီနောက် သူစီးလာတဲ့ Probox ကားကို စစ်ဆေးရာ ကားအတွင်းကနေ အရိုးအသွား ၃၆ လက်မလောက်ရှိတဲ့ ဓားရှည် ၃ ချောင်းနဲ့အတူ WY စာတန်းပါ ပန်းရောင်စိတ်ကြွမူးယစ်ဆေးပြား ၈ ပြား နဲ့ ICE လို့ ယူဆရတဲ့အကြည်အခဲအမှုန့်၁ ဂရမ်ခန့်၊ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ အအေးပိုက်တစ်ချောင်း၊ ငွေရောင်စက္ကူအပိုင်းအစ ၁၄ ခု၊ ဂတ်(စ်)မီးချစ် ၂ လုံး စစ်ဆေးတွေ့ရှိ ခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
ထွေးထွေး(ခ) ကိုထွေးကို ပဲခူးမြို့အမှတ် ၃ နယ်မြေရဲစခန်းကနေ လက်နက်ဥပဒေပုဒ်မ ၁၉(င)၊ မူးစိတ်ပုဒ်မ ၁၆(ဂ) တို့နဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
အောင်စိုးမိုး