တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်း လုံခြုံမှုရှိရေး ပြည်ထောင်စုဝန်ကြီး သတိပေး
DVB
·
January 3, 2020
မတ်လမှာကျင်းပမဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ စာစစ်လုပ်ငန်းအပါအဝင် မေးခွန်း၊ အဖြေလွှာနဲ့ အောင်စာရင်းလုပ်ငန်းတွေ လုံခြုံမှုရှိဖို့ သတ်မှတ်စည်းကမ်းတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ဖို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ထမ်းတွေကို သတိပေးလိုက်ပါတယ်။
ဇန်နဝါရီ ၂ ရက်က ပျဉ်းမနားမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှာလုပ်တဲ့ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကြီးကြပ်ရေးမှူးတွေ၊ တွဲဖက်ကြီးကြပ်ရေးမှူးတွေ၊ လက်ထောက်ကြီးကြပ်ရေးမှူးတွေနဲ့ စာဖြေသူတွေ လိုက်နာဖို့ စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲမှာ အခုလို သတိပေးပြောဆိုလိုက်တာပါ။
“နိုင်ငံကောင်းဖို့ ပညာရေး စနစ်ကောင်းရေး အရေးကြီးပါတယ်။ ပညာရေးစနစ်ကောင်းဖို့ အရည်အသွေးရှိတဲ့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲတဲ့အချိန်မှာ အားသာချက်တွေ ပိုမိုအားကောင်းဖို့၊ အားနည်းချက်တွေကို ပြန်သုံးသပ်ပြီး အားကောင်းဖို့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” လို့ ဝန်ကြီးက ပြောပါတယ်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို ၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်ကနေ ၂၀ ရက်အထိ ကျင်းပတော့မှာပါ။
စာစစ်လုပ်ငန်းတွေကို ဘာသာရပ်နဲ့ကိုက်ညီတဲ့ အထက်တန်းပြ ဆရာ၊ဆရာမများကို တာဝန်ပေးသွားမှာလို့လည်း သိရပါတယ်။
အခုလို တာဝန်ပေးရာမှာ ကိုယ်ဝန်ဆောင်ဆရာမတွေ၊ အသက်အရွယ်ကြီးတဲ့ ဆရာ/ဆရာမ တွေ၊ ကျန်းမာရေးမကောင်းတဲ့ ဆရာ/ဆရာမတွေ၊ ဘာသာရပ်နဲ့မကိုက်တဲ့ အထက်တန်းပြ ဆရာ/ဆရာမတွေကို တာဝန်မပေးဖို့ တိုင်းနဲ့ပြည်နယ်ပညာရေးမှူးတွေကို လမ်းညွှန်ခဲ့တယ်လို့ အစိုးရပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားဖို့ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးနဲ့ သက်ဆိုင်ရာတက္ကသိုလ်တွေ ပူးပေါင်းဆောင်ရွက်ကြဖို့ ဝန်ကြီးက မှာကြားခဲ့ပါတယ်လို့ဆိုပါတယ်။
ဒီနှစ်မှာတော့ စာမေးပွဲဖြေဖို့ စာရင်းသွင်းထားတဲ့ ကျောင်းသား၊ ကျောင်းသူ ၉ သိန်းကျော်ရှိ တာကြောင့် စာစစ် ဌာန ၁၁၃ ခု တိုးချဲ့ထားလို့ တနိုင်ငံလုံးမှာ ဌာနပေါင်း ၁၉၉၀ ခုရှိလာပါတယ်။
အခုနှစ်စာမေးပွဲဖြေဖို့ စာရင်းပေးထားတဲ့ ကျောင်းသားဦးရေဟာ အရင်နှစ်ထက် ၁၂၀၀၀၀ လောက်ပိုများလာတယ်လို့လည်း ပညာရေးဝန်ကြီးက ပြောဆိုထားပါတယ်။