သိမ်းဆည်းမြေပြန်ရရေး တောင်သူ ၁၀၀ ကျော် ဧရာဝတီတိုင်းအစိုးရရုံးတွင် လာရောက်တောင်းဆို
DVB
·
January 2, 2020
သိမ်းဆည်းမြေ ပြန်လည်ရရှိရေးအတွက် တောင်သူ ၁၀၀ ကျော်က ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဇန်နဝါရီ ၂ ရက်နေ့ မနက်ပိုင်းက လာရောက်တောင်းဆိုခဲ့ကြပါတယ်။
အကြောင်းမျိုးမျိုးနဲ့ အဖွဲ့အစည်းအမျိုးမျိုးက သိမ်းဆည်းခဲ့တဲ့ မြေယာတွေကို ပြန်လည်ရရှိဖို့ အတွက် ဇန်နဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတောင်သူလယ်သမား သမဂ္ဂထံ မြေယာအမှုတွဲတွေကိုပေးအပ်ခဲ့ပြီး အဆိုပါအဖွဲ့က အစိုးရအဖွဲ့ရုံးက တာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆိုချိန်မှာ လိုက်လာခဲ့တာလို့ ပြောပါတယ်။
“ကျနော်တို့ သမဂ္ဂကို လာအကူညီတောင်းလို့ အစိုးရကို တိုင်ကြားထားတဲ့ မြေယာအမှု ၄၅ မှုကို ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းပိုင်းက စတိုင်ခဲ့တာ စုံစမ်းစစ်ဆေးတာတွေလုပ်တာမတွေ့လို့ လာရောက် တွေ့ဆုံခြင်းဖြစ်ပါတယ်၊ ခုတွေတဲ့အချိန်မှာ ကျနော်တို့ တိုင်ကြားထားတဲ့ အမှုတွေကို ပြန်လည် စိစစ်ပေးပါမယ်လို့ ဝန်ခံကတိပေးပါတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတောင်သူ လယ်သမားသမဂ္ဂ ဗဟိုဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောပါတယ်။
ဒီနေ့တွေ့ဆုံမှုမှာ နစ်နာတဲ့ တောင်သူတွေဟာ တချို့အချက်အလက်တွေ့ကို အသေးစိတ်ဆွေးနွေးခွင့်မရခဲ့သလို အဆုံးအဖြတ်မပေးနိုင်တဲ့သူတွေနဲ့သာတွေ့ဆုံခဲ့ရတာကြောင့် အဆုံးအဖြတ်ပေးနိုင်မဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ တွေ့ဆုံပြီး ပြေလည်စေချင်လို့ ဦးသိန်းဝင်းက ပြောပါတယ်။
သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး တောင်းဆိုတဲ့ တောင်သူလယ်သမားတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာပြည်ထောင်စုတောင်သူလယ်သမားသမဂ္ဂက တာဝန်ရှိသူတွေ ဇန်နဝါရီလ ၁ ရက်နေ့က ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်မှာ တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် အခုလို လာရောက်တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။
မင်းထက်မုန်း (ပုသိမ်)