ထိုင်းတွင် တခါသုံးကြွပ်ကြွပ်အိတ်များ အသုံးမပြုရေး လှုပ်ရှားမှုစတင်

ထိုင်းနိုင်ငံမှာ ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်တဲ့အနေနဲ့ တခါသုံးကြွပ်ကြွပ်အိတ်တွေ အသုံးမပြုရေးအစီအစဉ်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ စတင်လိုက်ပါတယ်။  “နှလုံးသားနဲ့ကောင်းမှုပြုကာ သဘာ၀ဘေးအန္တရာယ်လျော့ချမယ်” လို့ အဓိပ္ပာယ်ရတဲ့ ပလတ်စစ်အသုံးပြုမှုလျော့ပါးရေး လှုပ်ရှားမှုကို ထိုင်းနိုင်ငံသဘာ၀သယံဇာတ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့ ကုန်တိုက်ကြီးများ၊ စူပါမားကက်၊ ဆဲဗင်း အလဲဗင်းကုန်စုံဆိုင် စတဲ့လုပ်ငန်းရှင်ပေါင်း ၈၀ ကျော်တို့က  သဘောတူဆုံးဖြတ်ခဲ့တာပါ။  အဆိုပါ သဘောတူချက်အရ ၂၀၂၀ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ကုန်တိုက်ကြီးတွေ၊ ဆဲဗင်းအလဲဗင်းဆိုင်တွေမှာ ဈေးဝယ်မယ်ဆိုရင် ပစ္စည်းတွေကို ခါတိုင်းလို ကြွပ်ကြွပ်အိတ်နဲ့ ထည့်မ‌ပေးတော့ဘဲ မိမိဖာသာ အိတ်တွေယူဆောင်သွားရမှာဖြစ်ပါတယ်။  အိတ်မပါလာတဲ့ ဈေးဝယ်တွေအတွက် ပလတ်စတစ်မဟုတ်သောပစ္စည်းနဲ့ ပြုလုပ်ထားတဲ့ အိတ်တွေကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေပါတယ်။ ခုလို ကြွပ်ကြွပ်အိတ်တွေ မသုံးတော့တဲ့အပေါ် သက်ဆိုင်ရာက စားသုံးသူတို့ရဲ့ သဘောထားကို စစ်တမ်းကောက်ကြည့်ရာမှာ ကမ္ဘာကြီးပူနွေးမှုလျော့ချရေးမှာ ပါဝင်ခွင့်ရှိတဲ့အပြင် အမှိုက်သရိုက်လည်း လျော့ချတဲ့အတွက်  ၉၀ ရာခိုင်နှုန်းက သဘောတူကြတယ်လို့ ဆိုပါတယ်။  ကြွပ်ကြွပ်အိတ်လျော့ချရေးကို စတင်ပေမယ့် အစားအစာတွေထည့်တဲ့ ပလတ်စတစ် အိတ်တွေကိုတော့ သုံးစွဲနေရဆဲဖြစ်ပြီး တဖြည်းဖြည်းနဲ့ လျှော့ချသွားမယ့်အကြောင်း၊ ကြွပ်ကြွပ်အိတ်အသုံးမပြုရေးကို ဒီနှစ်မှာ လှုံ့ဆော်ရေး လှုပ်ရှားမှုအသွင်ဆောင်ရွက်ပေမယ့် လာမယ့် ၂၀၂၁ ခုနှစ်မှာတော့ ဥပဒေနဲ့ တားမြစ်သွားမယ်လို့ သဘာ၀သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။  ဒီအစီအစဉ် အောင်မြင်တယ်ဆိုရင် တနှစ်ကို ဘတ်သန်းပေါင်း ၄၀၀ တန်ဖိုးရှိ ကြွပ်ကြွပ်အိတ်အလုံးရေ သန်းပေါင်း ၂ ထောင် (အလေးချိန် ကီလိုဂရမ်ပေါင်း ၅ ဒဿမ ၇ သန်း) လျှော့ချနိုင်မယ်လို့ ယုံကြည်ကြောင်း ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။  ကိုးကား-thaipbs.or

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up