DVB Logo
Home
မြန်မာသတင်း
၂၀၁၉ တနှစ်တာ ရေပန်းစားထင်ရှား လူငယ်အနုပညာ၊ အတတ်ပညာရှင် ငွေကြယ်ပွင့်များ
DVB
·
January 2, 2020
၂၀၁၉ တနှစ်တာ ရေပန်းစားထင်ရှား လူငယ်အနုပညာ၊ အတတ်ပညာရှင် ငွေကြယ်ပွင့်များ
1 / 6
Donate to DVB

၂၀၁၉ ခုနှစ် တနှစ်တာကုန်ဆုံးလို့ နှစ်သစ်ရောက်တော့မယ့်အချိန်မှာ မြန်မာပြည်တွင်း အနုပညာလောကထဲက ရေပန်းစားထင်ရှားခဲ့တဲ့ အနုပညာရှင်၊ အတတ်ပညာရှင် လူငယ်တွေ အကြောင်း တစေ့တစောင်း ဖော်ပြပေးလိုက်ပါတယ်။

ဒီအနုပညာရှင်၊ အတတ်ပညာရှင်တွေထဲမှာတော့ ရုပ်ရှင်၊ ဂီတအနုပညာ အတတ်ပညာရှင် တွေအပြင် ထူးထူးခြားခြား ဓားသိုင်းအစွမ်းပြနိုင်တဲ့ ပါရမီရှင်ကလေးငယ်တွေပါ ပါဝင်နေခဲ့တာဖြစ်ပြီး ပြည်တွင်းမှာသာမက နိုင်ငံတကာအဆင့်ထိ ထိုးဖောက်နိုင်သူတွေ၊ တမူထူးခြားတဲ့ အနုပညာ တင်ဆက်ပုံတွေနဲ့ အစွမ်းပြနိုင်သူတွေလည်း ပါဝင်နေခဲ့တာ ဖြစ် ပါတယ်။

(၁)ဆေးစက်ကျရာအရုပ်ထင်သူ(သို့)ဒရာမာ မင်းသမီး ပိုင်ဖြိုးသု

ပိုင်ဖြိုးသုကတော့ သိပ်မကြာခင်ကမှ ရုံတင်ပြသခဲ့ပြီး ရုံပြည့်ရုံလျှံအားပေးမှုတွေ ရရှိခဲ့တဲ့ ‘ထာဝရနှောင်ကြိုး’ရုပ်ရှင်နဲ့ ပရိသတ်တွေ ပါးစပ်ဖျား ချီးကျူးခဲ့ကြရတဲ့ အမျိုးသမီး သရုပ်ဆောင်တဦး ဖြစ်ပါတယ်။

သုသုလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ ပိုင်ဖြိုးသုဟာ ဆရာဝန်တဦးလည်းဖြစ်ကာ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုကိုလည်း ရရှိထားခဲ့သူတဦးဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ပိုင်ဖြိုးသုဟာ ရုပ်ရှင်ကားကြီးအနေနဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ သရုပ်ဆောင်မင်းသမီး ၅ လက်ပါဝင်ထားကြပြီး ၂၀၁၆ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ‘အေဒင် ရဲ့ နတ်သမီး’နဲ့ စတင်ပွဲထွက်ခဲ့သူဖြစ်ပြီး သူ့ရဲ့ အနုပညာအစွမ်းကို ပြသနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ၂၀၁၇ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ‘နေဝင်အိပ်တန်းတက်’၊ ‘သရဲမ၊ ဘီလူးမနှင့် မိန်းမပျို’ ရုပ်ရှင်ကားတွေထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

အဲဒီနှစ်အတွက် ‘နေဝင်အိပ်တန်းတက်’ရုပ်ရှင်ကားနဲ့ အကယ်ဒမီတစ်ပြေးနေခဲ့ပေမယ့် ‘သရဲမ၊ ဘီလူးမနှင့် မိန်းမပျို’ရုပ်ရှင်နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့သရုပ်ဆောင် အကယ်ဒမီဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ကတော့ ပိုင်ဖြိုးသုအတွက် ထူးခြားတဲ့ နှစ်တနှစ်လည်း ဖြစ်နေခဲ့ပြီး အနုပညာအရည်အသွေးတွေ ပိုမိုတောက်ပလာခဲ့တဲ့ နှစ်တနှစ်လို့ ပြောရမှာပါပဲ။

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးက ရိုက်ကူးခဲ့တဲ့ ‘မီ’ရုပ်ရှင်ကားထဲမှာတော့  သူ့ရဲ့ ပြောင်မြောက်တဲ့ အနုပညာစွမ်းကို ပိုထင်ရှားလာအောင် သရုပ်ဆောင်ပြသနိုင်ခဲ့ပြန်ပါတယ်။

၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းဟာ  နား လည်ရခက်တဲ့ မီဆိုတဲ့ မိန်းကလေးတယောက်ကြောင့် ယောကျ်ားတွေ အရူးအမူး ဖြစ်ကြတဲ့ အကြောင်း၊ ချစ်တဲ့ စိတ်တဖက်၊ သံသယစိတ်တဖက်နဲ့ မီကို လက်ထပ်ယူခဲ့တဲ့ အမျိုးသားတယောက်အကြောင်းကို ပုံဖော်ရိုက်ကူးခဲ့တာဖြစ်ပြီး ကျန်းမာရေးသံတမန်အဖြစ် ခန့်အပ်ခံထားရတဲ့ ပိုင်ဖြိုးသုက ရုပ်ရှင်ထဲမှာ ဆေးလိပ်သောက်ပြီး သရုပ်ဆောင်ခဲ့တဲ့အတွက် လူမှုကွန်ယက်တွင် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

ပိုင်ဖြိုးသု ပါဝင်တဲ့ ခုနောက်ဆုံးရုံတင်ပြသခဲ့တဲ့ ထာဝရနှောင်ကြိုး ရုပ်ရှင်ကားဟာ လည်း ပရိသတ်တွေ နှစ်ခြိုက်အားပေးမှုတွေ အများကြီး ရရှိထားခဲ့တဲ့ ရုပ်ရှင် ဖြစ်ခဲ့ပါ တယ်။ ဒီကားကိုတော့ Central Base Productions က စီစဉ်ပြီး လူငယ်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ ခရစ္စတီးနားခီက တတိယမြောက်ရုပ်ရှင်ကားအနေနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

အချစ်ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ တော့ ပရိသတ်အချစ်တော် မင်းသား ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ ခေါင်းဆောင်ပါဝင်ထားကြတာဖြစ်ပြီး တခြားသရုပ်ဆောင်တွေအနေနဲ့ မင်းညို၊ ရဲနောင်ချို၊ ဂျူးဂျူးကေနဲ့ ကလေး သရုပ်ဆောင် ဇူးဇူးဟန်နီထွေးတို့ကလည်း ပါဝင်ထားကြတာပါ။

ဒီရုပ်ရှင်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဇာတ်ကားထဲမှာ ပါဝင်အသုံးပြုထားတဲ့ ဂီတပိုင်းကိုတော့ ဇဏ်ခီက တာဝန်ယူထားတာဖြစ်ပြီး ဒီကားဟာ ရုံတင်ဝင်ငွေစံချိန်တင် ရရှိခဲ့ပြီး ပိုင်ဖြိုးသုရဲ့ သရုပ်ဆောင်မှုတွေအပေါ် ချီးကျူးခဲ့ကြရတဲ့ ဇာတ်ကားတကား ဖြစ်ခဲ့ပါတယ်။

(၂) Project K(သို့)မြန်မာနဲ့ ကိုရီးယားကေပေါ့ပ်အက ဆန်းသစ်တီထွင်စွမ်းနိုင်သူများ

Project K လို့ ပြောလိုက်တာနဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ မြန်မာကေပေါ့ပ် အကအဖွဲ့မှန်း သိကြပြီး ဖြစ်မှာပါ။ 

သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှုတွေနဲ့အတူ နာမည်ကြီးလာခဲ့တာပါ။

လူငယ်ကေပေါ့ပ်ပရိသတ်တွေကြားမှာ ရေပန်းစား လူသိများတဲ့ သူတို့အဖွဲ့ကို ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းစတဲ့  အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားပြီး The Beginning အမည်နဲ့ တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူတို့အဖွဲ့ကို နှစ် သက်အားပေးခဲ့ပြီး ကိုရီးယားသမ္မတ မွန်းဂျေအင်းကို မြန်မာကေပေါ့ပ်တေးဂီတအဖွဲ့ Project K ကို ကိုရီးယားနိုင်ငံမှာ လေ့ကျင့်သင်ကြားပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေးနဲ့ ပထမအကြိမ် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေချိန်မှာ ခုလိုပြောခဲ့တာဖြစ်ပြီး သမ္မတမွန်းကတော့ Project K အဖွဲ့ကို ပြုစုပျိုးထောင်တာဟာ နှစ်နိုင်ငံကြား ပိုမိုအားကောင်းတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရဲ့ သင်္ကေတဖြစ်လာစေမှာဖြစ်ပြီး ထောက်ပံ့ကူညီပေးမှုတွေ လုပ်ဆောင်သွားဖို့ ကတိပေးခဲ့တာ ဖြစ်ပါတယ်။

(၃) မယ်စကြဝဠာ စူပါမန်း(သို့) LGBT အလှမယ် ဆွေဇင်ထက်

ဆွေဇင်ထက်ကတော့  အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၆၈ ကြိမ်မြောက် မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်တဦး ဖြစ်ပါတယ်။ 

အသက် ၂၀ နှစ်အရွယ် အလှမယ် ဆွေဇင်ထက်ဟာ ဘားအံကိုယ်စားပြု အလှမယ် တယောက်အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မယ်စကြဝဠာမြန်မာအလှမယ်အဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

စူပါမန်းလို့ ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ ဆွေဇင်ထက်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခု နှစ်တုန်းကလည်း Miss Supranational အလှမယ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး Miss Personality ဆုနဲ့ Top 10 အဆင့်ထိ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar အလှမယ်ဆုကို မိုးစက်ဝိုင်က ရရှိခဲ့တာဖြစ်ပြီး  ၂၀၁၄ ခုနှစ်မှာ သျှားထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ် မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်တို့က ရရှိခဲ့ကြတာဖြစ်ပြီး ဆွေဇင်ထက်ကတော့ ၇ ယောက်မြောက် မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အလှမယ် ဖြစ်လာခဲ့တာပါ။

မယ်စကြဝဠာအလှမယ်ပြိုင်ပွဲ အမျိုးသားဝတ်စုံပြိုင်ပွဲမှာတော့ ၂၀၁၆ ခုနှစ်က မြန် မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက ရုပ်သေးမင်းသမီးနဲ့ ဆိုင်းဝိုင်းအပြင်အဆင်တင်ဆက်မှုနဲ့ ပထမဆုံးအကြိမ် ဆုရရှိခဲ့ဖူးပါတယ်။

ဆွေဇင်ထက်ကတော့ ပြိုင်ပွဲမှာ သူ့ကိုယ်သူ LGBT တယောက်အဖြစ် ဖွင့်ပြောပြ ခဲ့ တာကြောင့် အားပေးတဲ့ ပရိသတ်တွေ ရှိခဲ့သလို ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

အမျိုးသားဝတ်စုံနဲ့ National Costume ယှဉ်ပြိုင်မှုမှာတော့ သူဟာ ကျွဲပုံစံကနေ လယ်သူမ အသွင်ကူး ပြောင်းခဲ့တဲ့ ရိုးရှင်းလှပတဲ့ ဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုရရှိခဲ့ခြင်း တော့ မရှိခဲ့ပါဘူး။

(၄) အသက်အငယ်ဆုံးMyanmar’s Got Talent ချန်ပီယံ(သို့)အန္တရာယ်ကြားက ဓားသိုင်း သမားလေး ဘုန်းမြတ်မင်း

မတူညီတဲ့ စွမ်းရည်တွေ၊ အံ့မခန်း ပညာရပ်တွေ အသီးသီးနဲ့ အကြိတ်အနယ် ရှိခဲ့ကြတဲ့ Myanmar’s Got Talent ရဲ့ နောက်ဆုံးဖိုင်နယ်ပွဲစဉ်မှာတော့ ထူးထူးခြားခြားပဲ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်ဖြစ်တဲ့ ၅ နှစ်သား သိုင်းသမားလေး ဘုန်းမြတ်မင်းက ချန်ပီယံဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

Myanmar’s Got Talent ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ကျင်းပလာခဲ့တာ ၆ နှစ်တိုင်ခဲ့ပြီ ဖြစ်ကာ ၂၀၁၉ ခုနှစ်ရဲ့ Myanmar’s Got Talent ပြိုင်ပွဲမှာတော့ ဒိုင်တွေအဖြစ် ဝါရင့်သ ရုပ်ဆောင်မင်းသမီး မို့မို့မြင့်အောင်၊ ဒါရိုက်တာ မောင်သီ၊ သရုပ်ဆောင် မင်းသမီး ခိုင်သင်း ကြည်၊ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးတို့က အကဲဖြတ် အမှတ်ပေးကြတာ ဖြစ်ပါတယ်။

နောက်ဆုံးဖိုင်နယ်အဆင့်ကိုတော့ ဘုန်းမြတ်မင်းနဲ့အတူ ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ Baby Star ၊ မင်းမြတ် ၊ ရွှေစိုးရာဇာ၊ Angelo Erasmus ၊ Feng Yi ၊ Damien ၊ ဇော်နိုင်ဝင်း၊ ဝင်းစန်းအောင်၊ သားတို့အမြွှာ မိုးဖြိုး စတဲ့ အဖွဲ့တွေက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရတာပါ။ 

မန္တလေးမြို့က လာရောက်ယှဉ်ပြိုင်တဲ့ ဘုန်းမြတ်မင်းကတော့ လက်သိုင်း၊ တုတ် သိုင်း၊ ဓားသိုင်းစတဲ့ ခက်ခဲတဲ့ မြန်မာ့ရိုးရာ သိုင်းပညာရပ်တွေနဲ့ အဆင့်ဆင့် ဖြတ် ကျော်ပြီး နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့တာပါ။

ဖခင်ဖြစ်သူရဲ့ လေ့ကျင့်သင်ကြားပေးမှုနဲ့ အရွယ်နဲ့မလိုက်အောင် ပညာစွမ်းပြ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ပါရမီရှင် ဘုန်းမြတ်မင်းရဲ့ အံ့မခန်း စွမ်းဆောင်ရည်ဟာ ဒိုင်တွေကိုရော ပရိသတ်တွေကိုပါ အံ့အားသင့်စေနိုင်ခဲ့တာပါ။

ပြိုင်ပွဲဝင်တွေ အားလုံးထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ ဘုန်းမြတ်မင်းဟာ Got Talent Global ရဲ့ Dangerous Kids အဖြစ် သတ်မှတ်ခံရသူဖြစ်ပြီး ရိုးရာဝါးညှပ်အက၊ မှော်ပညာအစွမ်း၊ အဆိုစွမ်းရည်၊ အကစွမ်းရည်၊ ခြင်းခတ်စွမ်းရည်၊ ဆင်အကပညာ စတဲ့ အမျိုးမျိုးသော ယှဉ်ပြိုင်ဘက်တွေကြားမှာတော့ ထင်ရှားနေခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေအားလုံးရဲ့ ယှဉ်ပြိုင်မှုအပြီးမှာတော့ ပရိသတ်တွေပေးတဲ့ Voting နဲ့ နောက်ဆုံး ဖိုင်နယ်အဆင့် တက်ရောက်နိုင်သူတွေကို ကြေညာမယ့်အချိန် ရောက်ရှိလာခဲ့ပါတယ်။

ပရိသတ်ပေးတဲ့ မဲနဲ့ Top 3 စာရင်းထဲမှာတော့ ဘုန်းမြတ်မင်း၊ မှော်ဆရာ Damien နဲ့ ဇော်ဂျီနဲ့ သူယောင်မယ်ကကွက်နဲ့ ယှဉ်ပြိုင်ခဲ့သူ သားတို့အမြွာမိုးဖြိုးတို့ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ Second Runner up ကို ကြေညာချိန်မှာ သားတို့အမြွှာ မိုး ဖြိုးက ရရှိသွားခဲ့ပြီး Damien နဲ့ ဘုန်းမြတ်မင်းတို့သာ ကျန်ရှိခဲ့ပြီး စိတ်လှုပ်ရှားရမယ့် အချိန်တခုကို ရောက်ရှိလာခဲ့ပါတယ်။

Damien ဟာ ဒိုင်တဦးဖြစ်တဲ့ မို့မို့မြင့်အောင်ဆီက Golden Buzzer ရရှိထားတဲ့ ပြိုင်ပွဲဝင်ဖြစ်ပြီး မနှစ်ကလည်း အစွမ်းပြယှဉ်ပြိုင်ခဲ့သူဖြစ်တာမို့ သူများ ရရှိသွားလေမလား ဆိုတာလည်း ပရိသတ်တွေက ရင်တမမ စောင့်ကြည့်နေကြရတာပါ။

နောက်ဆုံးမှာတော့ Myanmar’s Got Talent ရဲ့ ချန်ပီယံ Winner ဆုရှင်ကို ကြေညာချိန်မှာတော့ ဘုန်းမြတ်မင်းက ရရှိသွားခဲ့ပြီး ပြိုင်ပွဲမှတ်တမ်းမှာတော့ အသက်အငယ်ဆုံး ချန်ပီယံတဦး ဖြစ်လာခဲ့ပါပြီ။

(၅) ထူးခြားတဲ့ သီဆိုဟန်နဲ့ Myanmar Idol ဆုရှင် ချင်းတိုင်းရင်းသူလေး အက်စတာ

အက်စတာ ဒေါ့သ်ချင်းဆုန်ကတော့ အထူးမိတ်ဆက်ပေးစရာ မလိုတော့ဘူးထင်ပါတယ်။ 

သူကတော့ သိပ်မကြာခင်ကမှ ၂၀၁၉ ခုနှစ် မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ Winner ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ လူငယ်ကြယ်ပွင့်တဉီးပါ။

Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ကာ Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့ပါတယ်။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အ ဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ် အမှတ်ပေးနေကြတာ ဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။

အခုနှစ်ရဲ့ Season 4 မှာတော့ တနိုင်ငံလုံးက ရွက်ပုန်းသီး မျက်နှာသစ်လူငယ်တွေ အများအပြား ပါဝင်ခဲ့ကြပြီး Top Finalists ၁၁ ယောက်အဖြစ် ယောကီး၊ ဘင်ဂျမင်ဆုန်း၊ နော်စေးစေးထူး၊ ခြူးစစ်ဟန်၊ တန်ခွန်ကျော်၊ ထက်အဉ္စလီ၊ နှင်းအိအိဝင်း၊ အက်စတာ ဒေါ့သ်ချင်းဆုန်၊ နေလင်းကျော်၊ မူးလာနဲ့ အေးမြဖြူတို့က ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သီတင်းပတ် တပတ်ပြီးတပတ် အဆင့်ဆင့် အစွမ်းပြယှဉ်ပြိုင် မှုတွေနဲ့ သူတို့ထဲက တယောက်ပြီးတယောက် နှုတ်ဆက်အိမ်ပြခဲ့ကြရပြီး နောက်ဆုံး Grand Final အဆင့်ကိုတော့ ဘင်ဂျမင်ဆုန်း၊ အက်စတာနဲ့ အေးမြဖြူတို့က တက်ရောက် လာနိုင်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ စတင်ကျင်းပခဲ့ချိန်ကတည်းက ပြိုင်ပွဲတလျှောက် အမျိုးသား Winner ဆုရှင်တွေချည်း ရရှိခဲ့ဖူးတာမို့ ၄ ယောက်မြောက် Winner ဆုရှင်က တဦးတည်း သော ချင်းတိုင်းရင်းသား ပြိုင်ပွဲဝင် ဘင်ဂျမင်က ရရှိသွားလေမလား။ အသက်အငယ်ဆုံး ပြိုင်ပွဲဝင် မြန်မာသံရော စတီရီယိုသီချင်းတွေပါ ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်သူ အေးမြဖြူက ရရှိသွားမလား။ ထူးခြားတဲ့ သီဆိုဟန်နဲ့ ကိုယ်ပိုင်စတိုင်ရှိတဲ့ အက်စတာကပဲ ရရှိသွားလေ မလားဆိုတာကိုလည်း အားလုံးက စိတ်ဝင်စားနေခဲ့ကြပါတယ်။

Grand Final ညမှာတော့ ဒိုင်တွေရွေးပေးတဲ့ သီချင်းရော Winner Song နဲ့ရော သူ တို့ ၃ ယောက်စလုံးက အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရပြီး နောက်ဆုံးပရိသတ်ပေးတဲ့မဲနဲ့ ဆုံးဖြတ်ချိန်မှာတော့ အက်စတာဒေါ့သ်ချင်းဆုန်က Winner ဆုကို ရရှိသွားခဲ့တာ ဖြစ်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013