Home
မြန်မာသတင်း
ခရီးသွားများ ပလတ်စတစ်အမှိုက် စည်းကမ်းမဲ့မပစ်ရန် ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့ မေတ္တာရပ်ခံ
DVB
·
January 2, 2020
ပုဂံရှေးဟောင်းယာဉ်ကျေးမှု ဒေသကို လာရောက်တဲ့ ပြည်တွင်းခရီးသွားဧည့်သည်တွေ အနေနဲ့ ပလတ်စတစ်အမှိုက်တွေကို စည်းကမ်းမဲ့မစွန့်ပစ်ကြဖို့ Bagan Plastic Campaign အဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်‌ ရှေးဟောင်းနယ်မြေဒေသအဖြစ် ဇူလိုင်လအတွင်းက သတ်မှတ်လိုက်ပြီး နောက်ပိုင်းမှာ ပြည်ပကရော ပြည်တွင်းခရီးသွားတွေ စိတ်ဝင်စားမှု ပိုမိုများပြားကာ လာရောက်လည်ပတ်မှု ပိုမိုမြင့်တက်လာတာလည်း ဖြစ်ပါတယ်။  ပြည်ပဧည့်သည့်တွေ ပိုမိုဝင်ရောက်လာတဲ့အတွက် ပုဂံဒေသမှာ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေ မြင်တွေ့နေရတာဟာ ရှက်ရွံ့ဖွယ် အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ Bagan Plastic Campaign အဖွဲ့က ဦးဆောင်ပြီး စည်ပင်နယ်နိမိတ်အတွင်းသာမက စည်ပင်နယ်နိမိတ်အပြင်ဘက်မှာပါ အပတ်စဉ် စနေနေ့ မနက်ခြောက်နာရီခွဲကနေ ရှစ်နာရီခွဲအထိ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ဟိုတယ်လုပ်ငန်းရှင်တွေ၊ ဧည့်လမ်းညွှန်တွေ၊ ဈေးသည်တွေ၊ ဂေါပကတွေ စတဲ့ဒေသခံတွေ ပူးပေါင်းပြီး ပလတ်စတစ် အမှိုက်ကောက် သန့်ရှင်းရေးကို လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ အဲ့ဒီလို အမှိုက်ကောက်တဲ့အတွက် စေတီတွေ အနီးမှာရှိတဲ့ ကျေးရွာတွေ၊ ဒေသခံတွေလည်း ပူးပေါင်းပါဝင်လာကြတာကြောင့် အောင်မြင်မှု ရရှိတယ်လို့ ပြောနိုင်ပေမယ့် နေ့စဉ်လာရောက်တဲ့ ခရီးသွားဧည့်သည်ဟာ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိရှိတာကြောင့် အားလုံးလွှမ်းခြုံအောင် မဆောင်ရွက်နိုင်သေးဘူးလို့ သိရပါတယ်။ Bagan Plastic Campaign ဥက္ကဋ္ဌ ဦးတင့်ဆွေက "အခုဟာကတော့ ပုဂံမှာက ဘုရာဖူးက တအားများတယ်ဗျ။ ရုံးရက်ရှည်ပိတ်ရက်ဆိုရင် ဘုရာဖူးတွေ တအားများတယ်။ များတော့  လက်ရှိ ကတော့ ကျနော်တို့လည်း အပတ်စဉ်ကောက်နေတယ်။ Plastic Campaign က အမြဲတမ်းခန့် ထားတဲ့ ဝန်ထမ်းလေးယောက်ကလည်း ညနေပိုင်းဆိုလို့ရှိရင် လိုက်ကောက်တယ်။ အဲဒီတော့ ညနေ ကောက်ပြီးတော့ နောက်နေ့ပြန်ကြည့်လိုက်လို့ရှိရင် အမှိုက်တွေက ပြန်ရောက်လာတယ်။ ဒီသံသရာက လည်နေတာပေါ့။ အဲဒီတော့ ကျနော်တို့ ပြောချင်တာကတော့ ပြည်တွင်းဘုရားဖူးတွေ ပေါ့။ ကျနော်တို့ မြန်မာပြည်သူတွေ ပုဂံကို လာလို့ ရှိရင် ကားပေါ်ကနေပြီး အမှိုက်မပြစ်ဖို့ ကျနော် မေတ္တာရပ်ခံချင်ပါတယ်။ ဘာကြောင့်ဆို ဒီလို တယောက်က အမှိုက်တစပစ်လို့ရှိရင် လူတစ်သိန်း လာရင် အမှိုက်ပေါင်းတစ်သိန်းပဲလေ၊ အဲ့ဒီတော့ ပုဂံဒေသက ကျနော်တို့လည်း လုပ်နေတာပဲ၊ လုပ်နေတဲ့ကြားက မနိုင်ဘူး။ အဲဒီတော့ ပြည်တွင်းဘုရားဖူးတွေကို မြန်မာလူမျိုးတွေကို မေတ္တာရပ်ခံချင်တာက ကားပေါ်ကနေပြီး အမှိုက်မပစ်ကြပါနဲ့၊ နောက် မိမိအမှိုက်ကိုလည်း အမှိုက်ပုံးရှိတဲ့နေရာမှာ စနစ်တကျနဲ့ စွန့်ပစ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်"လို့ ပြောပါတယ်။ အမှိုက်ကောက်တာ၊ ပညာပေးစာစောင်တွေကိုလည်း ရိုက်နှိပ်ဖြန့်ဝေတာ အပြင် ပလတ်စတစ် အမှိုက်ကင်းစင်ဖို့ကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပညာပေးစာစောင်တွေမှာလည်း လူထုစိတ်ဝင်စားစေဖို့အတွက် ပုဂံဒေသက ထင်ရှားတဲ့ စေတီတော်တွေတည်ရှိရာ မြေပုံညွှန်းတွေကိုပါ ထည့်သွင်းရေးဆွဲပေးထားတယ်လို့ သိရပါတယ်။ Bagan Plastic Campaign ဥက္ကဋ္ဌ ဦးတင့်ဆွေက "အမှိုက်လည်း ကျနော်တို့ကောက်တယ်။ နောက် ပညာပေးစာစောင်တွေကိုလည်း ဘုရားဖူးတွေကို လက်ကမ်းစာစောင်တွေဝေပါတယ်။ နောက်တခုက ကျနော်တို့ ရတဲ့ ပလတ်စတစ်အမှိုက်တွေကို စုစောင်းထားတယ်။ ကျနော့်ဆိုင်ထဲမှာ ကျနော့်ခြံထဲမှာပဲ ဆာလာအိတ်တွေနဲ့ သိမ်းထားတယ်။ သိမ်းထားပြီးတော့ ဆယ့်ငါးရက်တစ်ကြိမ် မြစ်ခြေဘက်မှာ စက်ရုံရှိပါတယ်။ ကော်စေ့ထုတ်တဲ့ စက်ရုံ၊အဲဒီတော့ ကျနော်တို့က ကောက်လို့ရတဲ့ ပလတ်စတစ်အမှိုက်တွေကို စုစောင်းပြီးတော့ ဆယ့်ငါးရက်တကြိမ် မြစ်ခြေကော်စေ့စက်ရုံကို သွားပြီး ပို့တယ်။ အဲ့လိုသွားပို့ခြင်းအားဖြင့် ဒီအမှိုက်တွေဟာ recycle အနေနဲ့ ပြန်ပြီး အသုံးချလို့ ရတာပေါ့နော်။ နောက်တပိုင်းက ကျနော်တို့ ဘာတွေလုပ်လဲဆိုတော့ ကျောင်းတွေ၊ ရပ်ကွက်တွေ၊ ကျေးရွာတွေ၊ အဲ့ဒီကိုလည်း ကျနော်တို့က ပညာပေးတွေလိုက်ပြီး ဟောပြောတဲ့အလုပ်တွေ လုပ်ပါတယ်"လို့ ဦးတင့်ဆွေက ပြောပါတယ်။ အမှိုက်ပုံးတွေထားပေးရုံသာမက အိမ်သုံးအမှိုက်တွေကိုပါ အခကြေးငွေနဲ့ သိမ်းဆည်းပေးနေပြီး ရန်ပုံငွေရှာဖွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။  ခရီးသွားတွေ အမှိုက်တွေ အလွယ်တကူစွန့်ပစ်နိုင်ဖို့ အမှိုက်ပုံးတွေ အများအပြားလိုအပ်တဲ့အပြင် အမှိုက်ပုံးတွေကိုလည်း စနစ်တကျ သိမ်းဆည်းဖို့ ဝန်ထမ်းတွေလိုကြောင်းနဲ့ အမှိုက်ကားတွေလည်း လိုအပ်နေတယ်လို့ Bagan Plastic Campaign အဖွဲ့က ဆိုပါတယ်။ Bagan Plastic Campaign အဖွဲ့ကို ပြည်တွင်း၊ပြည်ပက ခရီးသွားလုပ်ငန်းတွေ၊ ကုမ္ပဏီတွေ၊ အချိုရည်လုပ်ငန်းရှင်တွေကနေ အမှိုက်ပုံးတွေနဲ့ ဝန်ထမ်းလစာအတွက် ကူညီလှူဒါန်းပေးနေတယ်လို့ သိရပါတယ်။ ပုဂံဒေသက ကျေးရွာအချို့မှာလည်း ‌သန့်ရှင်းရေးလုပ်ဆောင်နေတဲ့ ကိုယ်ထူကိုယ်ထ အဖွဲ့အစည်းလေးတွေကို ရေရှည်ရပ်တည်နိုင်အောင် ထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရှေးဟောင်းဒေသဖြစ်တဲ့အတွက် ပုဂံဒေသမှာရော၊ ညောင်ဦးမှာပါ ကောက်ယူ သိမ်းဆည်းထားတဲ့ အမှိုက်တွေကို ပြန်လည်စွန့်ပစ်စရာ‌ မြေနေရာ အခက်အခဲ ဖြစ်နေတယ်လို့လည်း သိရပါတယ်။ Bagan Plastic Campaign ဒုတိယဥက္ကဋ္ဌ ဦးရဲမြင့်အောင်က "ပုဂံရော ညောင်ဦးရောမှာ အဓိကက အမှိုက်စွန့်စရာ မြေနေရာပါ။ ရပ်ကွက်တွေနဲ့ သိပ်ပြီးတော့ နီးတယ်။ အဲ့ဒီတော့ကျတော့ အမှိုက်ကိုစွန့်ပြီးလို့ရှိရင် မီးလောင်သွားပြီဆိုရင် ရပ်ကွက်တွေထဲက အမှိုက်ကို မီးရှို့နံ့တွေနဲ့ အမြဲတမ်း ပြဿနာတက်တယ်။ အဲဒီတော့ ကျနော်တို့က ဒီပြဿနာကို‌ဖြေရှင်းဖို့ရာအတွက် အခက်အခဲလေးတွေ ရှိတာပေါ့နော်။ ဒါပေမယ့်လို့ အခု နိုင်ငံတော်ကနေပြီးတော့ ဇုန်ဝင်ကြေးထဲက နေပြီးတော့ ကျနော်တို့ သိန်းပေါင်းနှစ်သောင်းနဲ့ရှစ်ထောင်ကို စတင်ပြီးတော့ အသုံးပြုခွင့်ပေးတော့ မယ် ဆိုပြီးတော့ကျ လွန်ခဲ့တဲ့တစ်နှစ်ထဲက ကျနော်တို့ သိထားတယ်။ သိထားလို့မို့လို့ ဒီ လွှတ်တော်ကိုယ်စားလှယ်တွေဦးဆောင်ပြီးတော့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရယ် ဌာနဆိုင်ရာ တွေ ပူးပေါင်းပြီးတော့ ကော်မတီလေးတွေဖွဲ့ပါတယ်။ ခေါင်းစဉ်ငါးခုနဲ့ ကော်မတီဖွဲ့တဲ့အထဲမှာ ပုဂံသန့်ရှင်းသာယာလှပရေးဆိုပြီးတော့ ကော်မတီတစ်ခုပါပါတယ်။ အဲဒီအခါမှာ ကျနော်တို့က အမှိုက်ကားတွေ ထပ်ပြီးတော့ လိုအပ်တာတွေ ဖြည့်သွင်းဖို့ရယ်၊ နောက်တခါကျတော့ ဒီ အမှိုက်တွေ ရဲ့နောက်ဆုံး၊ အမှိုက်မီးရှို့တဲ့စနစ်တစ်ခုဖြစ်လာအောင် အမှိုက်မီးရှို့စက်တစ်ခု တည်နိုင်အောင် ကျနော်တို့ လေ့လာနေပါတယ်။ ကြိုးစားနေပါတယ်၊ တိုင်းဒေသကြီး အစိုးရကို ကျနော်တို့ အကြံပေးတင်ပြတဲ့အထဲမှာ ဒီ ကိစ္စတွေပါတယ်။ တိုင်းဒေသကြီးအစိုးရက ခွင့်ပြုသွားရင်တော့ ပုဂံမှာရော၊ ညောင်ဦးမှာရော အမှိုက်မီးရှို့စက် လုပ်ပါမယ်"လို့   ပြောပါတယ်။ Bagan Plastic Campaignအဖွဲ့ဟာ လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကစပြီး ပုဂံရှေးဟောင်း‌ဒေသ သန့်ရှင်းသာယာလှပဖို့ ရည်ရွယ်ချက်နဲ့ ပလတ်စတစ်အမှိုက်ကင်းစင်ရေးကို ဦးစားပေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ညောင်ဦးမြို့နယ် စည်ပင်နယ်နိမိတ်အတွင်းမှာ ညောင်ဦးမြို့ ရပ်ကွက်ခုနစ်ခုကနေ နေ့စဉ် အမှိုက်တန်ချိန် ၂၄ တန်၊ ပုဂံဒေသ ရပ်ကွက်သုံးခုကနေ နေ့စဉ် ၁၂တန်ခွဲခန့်ကို အမှိုက်သိမ်းကား ဆယ်စီးနဲ့ သိမ်းဆည်းပေးနေတယ်လို့ ညောင်ဦးခရိုင် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။  စည်ပင်နယ်နိမိတ် ပြင်ပကနေရာတွေကိုတော့ အရပ်ဘက်အဖွဲ့အစည်းတွေက ဦးဆောင်ပြီး လုပ်ဆောင်နေတယ်လို့ ဆက်လက်သိရပါတယ်။ ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024