တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်အတွင်း မိုးစပါးဧက ၁ သောင်းခွဲကျော် မရိတ်သိမ်းနိုင်သေး
DVB
·
January 2, 2020

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေကြောင့် မြို့နယ် ၇ ခုထဲမှာ စိုက်ပျိုးထားတဲ့ မိုးစပါးဧက ၁ သောင်းခွဲကျော် မရိတ်သိမ်းနိုင်သေးဘူးလို့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက ပြောပါတယ်။
"ကျနော်တို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမဂ္ဂအနေနဲ့ စစ်တမ်းကောက်ယူရာမှာ မြို့နယ်တွေက ကိုယ်စားလှယ်တွေက အချက်အလက်တိကျခိုင်မာစွာ ရရှိထားတာပါတယ်။ မြို့နယ် ၇ ခမှာ လယ်ဧက တစ်သောင်းကျော်မရိတ်သိမ်းနိုင်သေးတဲ့အပြင် ရိတ်ပြီးတဲ့ စပါးတွေကလည်း တလင်းပြင်မှာ ရှိနေတဲ့အနေအထား တွေ့ရပါတယ်။ ဒါကို အစိုးရအနေနဲ့ ဘယ်လိုတာဝန်ယူ ဖြေရှင်းပေးမလဲ ကျနော်တို့စောင့်ကြည့်နေပါတယ်။"
တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ် ဖြစ်တဲ့ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦး မြို့နယ်၊ မြေပုံမြို့နယ်နှင့် မင်းပြားမြို့နယ်တို့မှာ မရိတ်သိမ်းနိုင်တဲ့ စပါးလယ်ဧက ၁ သောင်းခွဲကျော်ရှိ နေတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရပါတယ်။
အခုလို မိုးစပါးများရာသီလွန်တဲ့အထိ မရိတ်သိမ်းနိုင်တာကို ရခိုင်ပြည်နယ်အစိုးရနဲ့ စက်မူလယ်ယာ တို့မှာ အပြည်အဝကူညီပေးဖို့ လိုအပ်ကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
"မြန်မာပြည်မှာ စပါးဟာ မဟာဗျူဟာသီးနှံအမျိုးအစားဖြစ်တယ်။ လယ်သမားတွေကို စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ကူညီပံ့ပိုးပေးရမယ့်တာဝန်ရှိတဲ့အပြင် ရောင်းချရာမှာလည်း စပါးဈေးကောင်းရတဲ့အထိ တာဝန်ရှိတယ်။ အခုလို ရာသီလွန်မရိတ်သိမ်းနိုင်တဲ့ စပါးတွေကို အစိုး အနေနဲ့ ကူညီရိတ်သိမ်းပေးဖို့ လွှတ်တော်ပိုင်းကို တိုက်တွန်းသွားဖို့ရှိတယ်။"
အဆိုပါမြို့နယ် ၇ ခုမှာ တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ နေရာတွေမှာ ဒေသခံ လယ်သမားတွေ သွားရောက်ကာ စပါးမရိတ်သိမ်းနိုင်သလို တချို့လယ်သမားတွေက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့အတွက် မရိတ်သိမ်းနိုင်ဖြစ်နေရတယ်လို့ သိရပါတယ်။
ရသေ့တောင်မြို့ သောင်းဒရားကျေးရွာမှာ တပ်မတော်စစ်ကြောင်းတွေ နေရာချထားတဲ့ အတွက် လယ်ဧက ၈၀၀ ကျော် မရိတ်သိမ်းနိုင်သေးဘူးလို့ သောင်းဒြရားကျေးရွာသား ကိုမောင်လှသိန်းက ဒီဗွီဘီကို ပြောကြားပါတယ်။
"အခုကျနော်တို့ ကျွဲ၊နွားတွေနဲ့ တောထဲမှာ တဲထိုးနေထိုင်နေပါတယ်။ ကျွဲ၊နွားတွေကို လွှတ်လိုက်ရင် မရိတ်သိမ်းရသေးတဲ့ စပါးတွေကိုစားလိုက်မှာပါ။ မရိတ်သိမ်းရသေးတဲ့ လယ်ဧက ၈၀၀ လောက်ကျန်ပါသေးတယ်။ အချို့လယ်တွေက စပါးရိတ်ပြီးပေမယ့် တလင်းပြင်မှာ ကောက်လှိုင်းတွေ ဒီအတိုင်းပါ။ အခု အချိန်အခါမဟုတ် မိုးရွာလာနေတယ်။ စပါးတွေအားလုံး ပျက်စီးဆုံးရှုံးနိုင်ပါတယ်"လို့ ပြောပါတယ်။
သောင်းဒရားကျေးရွာဟာ ရသေ့တောင်မြို့နယ်မှ လေးမိုင်ခန့်အကွာမှာ တည်ရှိပြီး အိမ်ခြေ ၃၀၀ နီးပါးရှိကာ လူဦးရေ ၁၃၀၀ ခန့် နေထိုင်တဲ့ ကျေးရွာသို့ တပ်မတော်စစ်ကြောင်းတခု ဒီဇင်ဘာလ ၁၄ ရက်နေ့ကတည်းက ဝင်ရောက်လာတာကြောင့် ရွာသူ/သားအများစု နီးစပ်ရာ ကျေးရွာတွေနဲ့ ရသေ့တောင်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီး လယ်မြေဧက ၈၀၀ ကျော်မရိတ်သိမ်းနိုင်ဘဲ ကျန်ရှိနေတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့က ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ လယ်သမားတွေ ပေးသွင်းရမယ့် စိုက်ပျိုးစရိတ်ချေးငွေတွေကို အချိန်ကာလတခုအထိ ဆိုင်းငံ့ပေးဖို့ ပြည်နယ်အစိုးရ အဖွဲ့အား တိုက်တွန်းတဲ့ အဆိုကို ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့ပါတယ်။
ကောင်းကောင်း