Home
မြန်မာသတင်း
သီပေါတွင် မိုးသက်လေပြင်းကျ မိုးသီးများကြွေ၍ နေအိမ်ခေါင်မိုး ၁၄၀ ကျော်ပျက်စီး
နန်းမြနဒီ
·
January 2, 2020
81602654_492929488240488_1906305604943609856_o
81366694_492929521573818_7502695730193104896_o
81357130_492929324907171_1393275837360373760_o
81266119_1061864547479232_8653892586387275776_n
81142498_492929441573826_1146213770712842240_o
80881210_492929348240502_4092504891308638208_n
80863540_1061864714145882_4719431101318168576_n
80849665_492929611573809_6266703051206164480_o
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်ထဲမှာ မိုးသက်လေပြင်းနဲ့ မိုးသီးတွေ ကြွေကျတဲ့အတွက် နေအိမ် ၁၄၃ လုံး ခေါင်မိုးလန် ပျက်စီးကာ သစ်ပင်ကြီးနဲ့  ဓာတ်မီးတိုင်တွေ၊ အုတ်နံရံတွေပါ ပြိုကျပျက်စီးခဲ့ပါတယ်။    ၂၀၂၀ ဇန်နဝါရီလ ၁ ရက် ည ၉ နာရီကျော်လောက်မှာ မိုးသက်လေပြင်းနဲ့အတူ မိုးသီးတွေပါ ကြွေကျတာကြောင့် သီပေါနဲ့ ၁၂ မိုင်ခန့်အကွာ လားရှိုးသွားကားလမ်းပေါ်ရှိ ကုန်းသာကျေးရွာက နေအိမ် စုစုပေါင်း ၁၄၃ လုံး ခေါင်မိုးလန်ပြီး ပျက်စီးကုန်တယ်လို့ ကုန်းသာကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းဆိုင်ဟန်က ဒီဗွီဘီကို ပြောပါတယ်။  “မနေ့ညက မိုးစရွာတာကတော့ ည ၉ နာရီကျော်လောက်ပေါ့၊ ပြီးတော့ လေပြင်းတိုက်ပြီး မိုးသီးတွေပါ ကျလာတာ တချို့အလုံးဆို ဂေါ်လီလုံးလောက်ရှိတယ်၊ လေပြင်းတိုက်တာရော မိုးသီးကျတာ မကြာပါဘူး ခဏလေးပဲ။ ဒါပေမယ့် ကနေ့မနက် အပျက်အစီး စာရင်းတွေလိုက်ကောက်တော့ ကုန်းသာရွာ ရပ်ကွက် ၁ နဲ့ ရပ်ကွက်  ၂ ပြီးတော့ ဟိုနောင်ရွာက စုစုပေါင်း ၁၄၃ အိမ် ခေါင်မိုးလန်တာ ခေါင်မိုးပေါက်တာတွေ ရှိတယ်။ ခြံစည်းရိုလည်း ပြိုတယ်၊ ဖရဲခင်းတွေလည်း ပျက်စီးတယ်၊ မြို့နယ်ရုံးကိုတင်ဖို့ အပျက်အစီးစာရင်းတွေ ဆက်ကောက်နေတုန်းပါပဲ၊ သက်ဆိုင်ရာက ဘယ်လိုအကူအညီပေးမလဲဆိုတာတော့ မသိဘူး။” ဒါ့အပြင် ကုန်းသာရွာအဝင်လမ်းပေါ်က နှစ်ပေါင်းရာကျော် သက်တမ်းရင့် ညောင်ပင်ကြီး ၂ ပင် ပြိုလဲသွားတာကြောင့် လမ်းပိတ်သွားပြီး မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတ အဖွဲ့တွေက ကူညီ ဖယ်ရှားပေးခဲ့တယ်လို့ သီပေါနယ်စည်းမခြားပရဟိတအဖွဲ့ တာဝန်ခံကိုမျိုးက ဒီဗွီ ဘီကိုပြောပါတယ်။  “သစ်ပင်က လမ်းမပေါ်လဲကျလို့ ၂ နာရီကျော် လမ်းပိတ်ဆို့ခဲ့တယ်၊ အခုတော့ပုံမှန်သွားလာလို့ ရပါပြီ။ သစ်ပင်လဲတော့ အပင်အောက်က လူ ၃ ယောက်လောက် သစ်ကိုင်းစတွေနဲ့ထိမိပြီး ဒဏ်ရာ အနည်းအကျဉ်းရတာရှိတယ်၊ ဆေးရုံတော့ မတက်ရပါဘူးခင်ဗျ။”  ကုန်းသာ ရွာဦးဘုန်းကြီးကျောင်းမှာလည်း ဇရပ်ဆောင်တချို့ ခေါင်မိုးပျက်စီးပြီး နှစ်ပေါင်း တစ်ရာကျော်ရှိ ကံ့ကော်ပင်ကြီးလည်း လဲပြိုခဲ့တယ်လို့ ကုန်းသာကျောင်းတိုက်က ဦးဇင်းတပါးက မိန့်ပါတယ် ။  “ဦးဇင်းတို့ကျောင်းမှာတော့ ဇရပ် ၃ ဆောင် ခေါင်မိုးလန်သွားတယ်၊ ကျောင်းဝင်းထဲက ကံ့ကော်ပင်ကြီးလည်း လဲပြိုသွားတယ်၊ အခုထိရှင်းနေတုန်းပဲ၊ သီပေါမြို့နယ် နောင်ယုံးရွာက လူထုပညာရေးကျောင်းတကျောင်းလည်း ခေါင်မိုးတွေလန်ကုန်တယ်။” သီပေါမြို့ပေါ်မှာလည်း အပျက်အစီးတချို့ရှိကြောင်း ဒေသခံ ဦးစိုင်းအောင်ဆာက ပြောပါတယ်။  “မြို့ပေါ်မှာတော့ လမ်းဘေးက ဈေးဆိုင်လေးတွေ အမိုးလန်ကုန်တာ၊ သစ်ပင်သစ်ကိုင်းကျိုးကျတာ၊ ဓာတ်မီးတိုင်တွေ လဲကျတာရှိတယ်။ မီးပျက်သွားပြီး ခုထိပြန်မ လာသေးပါဘူးခင်ဗျ၊ မိုးသီးတွေလည်း လောက်စာလုံးလောက်ရှိတယ်။ တချို့ဆို ခုထိ အရည်မပျော်သေးဘူး၊ ကျနော့်တသက်မှာတော့ ဒီလောက်ကြီးတဲ့မိုးသီး ခုမှမြင်ဖူးတယ်။”  သီပေါမြို့ အနီးတဝိုက် ကျေးရွာတချို့လည်း လေပြင်းဒဏ်ခံရပေမယ့် ရွာအမည်နဲ့ အပျက်အစီးတွေတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024