Home
မြန်မာသတင်း
ကျောင်းသားသမဂ္ဂနှင့်ပတ်သက်ပြီး ညွှန်ချုပ်က အထင်မှားပြောဆိုခဲ့ဟု ထုတ်ပြန်  
ပိုင်စိုး
·
December 31, 2019
ပညာရေးကျောင်းသားသမဂ္ဂတွေနဲ့ပတ်သက်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောဆိုခဲ့တဲ့ စကားတွေဟာ အထင်မှား ပြောဆိုခဲ့တာဖြစ်တယ်လို့ မနေ့က ကျောင်းသား သမဂ္ဂတွေနဲ့ တွေ့ဆုံပြီးနောက် ထုတ်ပြန်လိုက်ပါတယ်။ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းဟာ အုပ်ချုပ်မှုသင်တန်းကျောင်း သင်တန်းဆင်းပွဲမှာ နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနက ဆန့်ကျင်တဲ့သူတွေကိုများ မွေးထုတ် ပေးနေတာလား၊ ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်ကျောင်းသား သမဂ္ဂတွေဟာ ထိပ်တိုက်ရင်ဆိုင်တာ များတယ်  စသည်ဖြင့် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒီအပေါ်မှာ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ စစ်ကိုင်းပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနဲ့ ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများ ကိုယ်စားပြု ကော်မတီတို့က ကန့်ကွက်ခဲ့ကြပြီး အမြန်ဆုံးတောင်းပန်ဖို့ နိုဝင်ဘာ ၁၈ ရက်က သဘောထား ထုတ်ပြန် တောင်းဆိုခဲ့ကြပါတယ်။ အဲဒီနောက် မနေ့ကတော့ အခြေခံပညာဦးစီးဌာနရုံးချုပ်မှာ အဲဒီကျောင်းသားသမဂ္ဂတွေနဲ့ ဦးကိုလေးဝင်း အပါအဝင် ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပြီးတဲ့အခါ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းပြောခဲ့တဲ့ ကျောင်းသားသမဂ္ဂ ဆိုတဲ့ စကားရပ်ဟာ အထင်မှားယွင်းပြောဆိုခဲ့တာ ဖြစ်ပြီး ပညာရေးကျောင်းသား သမဂ္ဂတွေဟာ အများအားဖြင့် သဘောထားမတိုက်ဆိုင်တဲ့ ကိစ္စရပ်တွေရှိရင် ညှိနှိုင်းဆွေးနွေးပြီး အဆင့်ဆင့် ဖြေရှင်းတဲ့အကြောင်း၊ ထိပ်တိုက်တွေ့ဆုံမှုလမ်းကြောင်းရွေးချယ်တာဟာ အဆင့်ဆင့် ညှိနှိုင်းတာရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့အကြောင်းကို ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက လက်ခံတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုအောင်ပြည့်စုံဖြိုးက သမဂ္ဂတွေရဲ့ လုပ်ရပ်တွေကို စော်ကားသလိုဖြစ်နေလို့ အခုလို တောင်းဆိုရတာပါ။ အထက်လူကြီးတွေဖြစ်လို့ စကားလုံးတွေသုံးရင် ဆင်ဆင်ခြင်ခြင်သုံးစေချင်တယ်။ ပြောပြီးရင်လည်း တာဝန်ယူစေချင်တယ် လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024