Home
မြန်မာသတင်း
ကသာမြို့က မူးယစ်ဆေးဖြတ်သင်တန်း ၁၅ ရက်အကြာအတွင် သင်တန်းသားထက်ဝက်သာ ကျန်ရှိ
Aung Ko Latt
·
December 31, 2019
81108074_1208356592702667_8256708618036969472_n
80602142_1208355916036068_9196246389212839936_o
80485670_1208356546036005_1614118434335883264_n
78977041_1208355892702737_1181114610535628800_o
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့၊ ဧရာရွှေလီခန်းမမှာ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနဲ့ ပြန်လည်ထူထောင်ရေးသင်တန်းကို ဒီဇင်ဘာ ၁၈ ရက်နေ့က စတင်ဖွင့်လှစ်နေပါတယ်။ ဒီသင်တန်းကို လူကယ်ပြန်ဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်းကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက် အရ ဆောင်ရွက်တာဖြစ်ပါတယ်။  ဒီသင်တန်းက ရက်ပေါင်း ၄၀ ကြာမြင့်မှာဖြစ်ပြီး သင်တန်းသား ၄၉ ဦးတက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် သင်တန်းဖွင့်ပြီး ၁၅ ရက်အကြာမှာတော့ သင်တန်းသား ၂၄ ဦးက မနေနိုင်တဲ့အတွက် ထွက်သွားခဲ့တာကြောင့် ၂၅ ဦးသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ အခုလို ဖြစ်ရတာက ကိုယ့်စိတ်ကိုယ်မနိုင်ကြလို့ဖြစ်တယ်လို့ ဆေးဖြတ်စခန်းတာဝန်ရှိသူ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ထွန်းကပြောပါတယ်။ "သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ စိတ်ရှုပ်ထွေးမှုဖြစ်စဉ်လေးတွေပါတယ်။ မူးယစ်ဆေးကြောင့် ဆေးဖြတ်တဲ့အချိန်မှာ ကုသတဲ့ဆေးနဲ့ မူးယစ်ဆေးကြားမှာ စိတ်ရှုပ်ထွေးသွားတာ။ အဲဒီအခြေအနေ ကျရင် တော်တော်ကို ထိန်းယူရတာ။ တချို့ကျတော့လည်း ထိန်းသိမ်းနိုင်စွမ်းနည်းတဲ့သူရှိတယ်။ တချို့ကလည်း ထိန်းသိမ်းနိုင်စွမ်းရှိတယ်။ ကျနော်တို့ကတော့ လူ့အခွင့်အရေးနဲ့အညီ လုပ်တယ်။ နောက်တချက်က ကသာအနေနဲ့ ထူးခြားဖြစ်စဉ်တွေရှိတယ်။ မူးယစ်ဆေးရောင်းတဲ့နေရာတွေနဲ့ နီးတယ်။ စျေးနဲ့လည်း နီးတယ်။ နောက်တခုကတော့ လုံခြုံရေးပေါ့။ လုံခြုံရေးကလည်း တအားတင်းကြပ်လို့မရဘူး။ မိမိဆန္ဒနဲ့ မိမိဆေးလာဖြတ်တာဆိုတော့။ သူတို့ကို ကိုယ့်ဘက်ပါအောင် တဖြည်းဖြည်းပြန်စည်းရုံးရတာပေါ့။ အဓိကကတော့ ကိုယ့်စိတ်ကိုယ်မနိုင်တာကြောင့်ပါ။" ပြောပါတယ်။ ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်စခန်းတွေကို ကသာမြို့တင်မက မူးယစ်ဆေးဝါးသုံးစွဲမှုများတဲ့ ဒေသတွေကို လှည့်လည်ပြီး လုပ်ဆောင်နေတာပါ။ ရက်ပေါင်း ၄၀ ကြာတဲ့ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်စခန်းတွေကို ၂၀၁၈ ခုနှစ်အတွင်း ဟုမ္မလင်းမြို့မှာ ၃ ကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်း ဝန်းသိုမြို့နယ်မှာ တကြိမ်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။  ဒီဇင်ဘာ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးညီညီထွန်းတို့ မူးယစ်ဆေးဖြတ်စခန်းကို သွားရောက်ကြည့်ရှုကာ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့သလို အားပေးစကားတွေလည်း ပြောကြားခဲ့ပါသေးတယ်။ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးညီညီထွန်းက "လက်ရှိကျန်နေတဲ့သူတွေကတော့ စိတ်ဓာတ်ခိုင်မာတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် နောက်ထပ် ဘယ်လောက်ကျန်ဦးမယ်ဆိုတာတော့ မသိသေးဘူး။ ဝန်းသိုမှာ ဆေးဖြတ်ပြီး အောင်မြင်ခဲ့တဲ့ လူငယ် ၃ ဦးကလည်း လာရောက်ပြီး ကူညီနေတယ်။ အနည်းဆုံး ၃ ပုံ ၁ ပုံလောက် ဘဝသစ်မှာ ပြုပြင်သွားကြမယ်ဆိုရင် မိသားစုအတွက်ရော နိုင်ငံတော်အတွက်မှာ အများကြီး အကျိုးရှိစေမှာပါ။"လို့ ပြောပါတယ်။ သင်တန်းမှာ စင်တာအခြေပြုမူးယစ်ဆေးဖြတ်စခန်းလိုပဲ စည်းကမ်းချက်တွေ ချမှတ်ထားပါ တယ်။ ငွေ၊ ဖုန်းနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ကိုင်ဆောင်ခွင့် မပေးထားပါဘူး။ ဒါတွေက သင်တန်းအတွက် အများကြီးအနှောင့်အယှက်ဖြစ်စေတဲ့အတွက် ကန့်သတ်တားမြစ်ထားတာလို့ ဆိုပါတယ်။  သင်တန်းအစက သင်တန်းသားတွေက ငွေကိုင်ခွင့်ပေးဖို့တောင်းဆိုတဲ့အတွက် ငွေကိုင်ခွင့်ပြုခဲ့ရာမှာ တချို့က အပြင်ထွက် မူးယစ်ဆေးဝယ်ယူပြီးပြန်လာတာတွေ တွေ့ရှိရတဲ့ အတွက် ငွေကိုင်ခွင့်မပြုတော့ပါဘူး။  ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်စခန်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်မှာကြားချက်နဲ့အညီ လုပ်ဆောင်နေတာဖြစ်ပြီး အခုသင်တန်းရဲ့ တိုးတက်အောင်မြင်မှုကို အခြေအနေကိုကြည့်ကာ နောက်ထပ်သင်တန်းတွေ ဖွင့်နိုင်အောင်လည်း လုပ်ဆောင်သားမယ်လို့ သိရပါတယ်။  ပြန်လည်ထူထောင်ရေးဦးစီးဌာနကနေ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်သင်တန်းနဲ့ စခန်းအခြေပြု မူးယစ်ဆေးဖြတ်သင်တန်းတွေကို ဖွင့်လှစ်နေပါတယ်။ စခန်းအခြေပြုအနေနဲ့ မြစ်ကြီးနား၊ လားရှိုး၊ တောင်ကြီး၊ တာချီလိတ်၊ ကျိုင်းတုံ၊ မြဝတီ၊ ကော့သောင်း၊ ရန်ကုန်၊ မန္တလေးမှာ ဖွင့်လှစ်နေပါတယ်။  ရွှေဘိုခရိုင် ကျောက်မြောင်းမှာလည်း ဖွင့်ဖို့ရှိနေပြီး လက်ရှိမှာတော့ သင်တန်းရက်က နည်းပြီး နိုင်ငံတကာစံမမီတဲ့အတွက် စံမီအောင် လုပ်ဆောင်နေတယ်လို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန တာဝန်ရှိသူက သင်တန်းဖွင့်ပွဲမှာ ပြောပါတယ်။  စစ်ကိုင်းတိုင်းအတွင်း ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်စခန်းတွေအပြင် စခန်းအခြေပြု မူးယစ်ဆေးဖြတ်စခန်းတခုကို ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့မှာလည်း ဖွင့်လှစ်နိုင်အောင် စီစဉ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024