အီရတ် ပြည်သူ့စစ်အုပ်စုကို အမေရိကန်စစ်တပ် လေကြောင်းတိုက်ခိုက်

Photo : Reuters/Tom Brenner
အမေရိကန်စစ်တပ်ဟာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံထဲက ခါတစ်ဘ်ဟဇ်ဘိုလာ ပြည်သူ့စစ် အုပ်စုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ဒီဇင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။ အီရတ်နိုင်ငံထဲက စစ်စခန်းတခုကို ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန် အရပ်သား ကန်ထရိုက်တာတယောက် သေဆုံးခဲ့ရလို့ တုံ့ပြန်တာလို့လည်း ပြောပါတယ်။  အီရတ်နိုင်ငံအတွင်း အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ကြောင့် တိုက်ခိုက်ရေးသမား ၂၅ ယောက်ထက်မနည်း သေဆုံးပြီး ၅၅ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ အီရတ် လုံခြုံရေးနဲ့ ပြည်သူ့စစ် သတင်းရင်းမြစ်တွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ခါတစ်ဘ်ဟဇ်ဘိုလာ စစ်ဦးစီးမှူး ၄ ယောက်ထက်မနည်း ပါတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုတရပ်ကတော့ ဆီးရီးယားနယ်စပ်နားက အယ်လ်ခိမ်းခရိုင်း အနောက်ပိုင်းမှာ ရှိတဲ့ ဟဇ်ဘိုလာဌာနချုပ်ကို ပစ်မှတ်ထားခဲ့တယ်လို့လည်း ပြောပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်က ဟဇ်ဘိုလာတွေရဲ့ အီရတ်နိုင်ငံအတွင်းက တနေရာနဲ့ ဆီးရီးယားနိုင်ငံထဲက နှစ်နေရာကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။ ပစ်မှတ်တွေထဲမှာ လက်နက်သိုလှောင်စခန်းတွေနဲ့ မဟာမိတ်တပ်တွေကို တိုက်ခိုက်ဖို့ စီစဉ်အမိန့်ပေးရာမှာ သုံးတဲ့ ထိန်းချုပ်ရေးနေရာတွေ ပါတယ်လို့ ပင်တဂွန်က ပြောပါတယ်။ အီရတ်နိုင်ငံအတွင်းက ကာကတ်မြို့နားကို သောကြာနေ့က ဒုံးကျည် အစီး ၃၀ ကျော် ပစ်လွှတ် တိုက်ခိုက်တာ ဟဇ်ဘိုလာတွေရဲ့ လက်ချက်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။  အီရတ်နိုင်ငံထဲက အမေရိကန် အခြေစိုက်စခန်းတွေကို ဆက်တိုက် တိုက်ခိုက်မှုတွေအတွက် အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ရှီးယိုက်ခါတစ်ဘ် ဟဇ်ဘိုလာတပ်တွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုက ဒီလအစောပိုင်းမှာ ပြစ်တင် ပြောဆိုထားပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေကို ထိခိုက်အောင် အီရန်ကိုယ်တိုင်က ဖြစ်စေ၊ ကြားခံလူ သုံးပြီးဖြစ်စေ တိုက်ခိုက်လာရင် အမေရိကန်က ပြတ်ပြတ်သားသား တုံ့ပြန်မယ်လို့ အီရန် အစိုးရကိုလည်း သတိပေးထားပါတယ်။ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အောင်မြင်တယ်၊ အရာရှိတွေဟာ ထရမ့်နဲ့အတူ တခြားနည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ်အဲ့စ်ပါက ပြောခဲ့ပါတယ်။ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံ သဘောတူထားတဲ့ တီရန် ၂၀၁၅ နျူကလီးယား သဘောတူစာချုပ်ကနေ အမေရိကန်က မနှစ်က နုတ်ထွက်ခဲ့ပြီး အီရန်ကို စီးပွားရေးအရ ဒဏ်ခတ်ခဲ့ပါတယ်။ အဲဒီနောက် အီရန်နဲ့ အမေရိကန် အစိုးရ နှစ်ရပ်အကြား တင်းမာမှု မြင့်တက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up