ထိုင်းနှစ်ကူးကာလ ၃ ရက်အတွင်း ယာဉ်တိုက်မှုကြောင့် ၁၅၉ ဦး သေဆုံး

ထိုင်းနိုင်ငံမှာ နှစ်ကူးကာလ သတိပေးချက် ထုတ်ပြန်ထားပေမဲ့ ၃ ရက်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၅၉ ဦး ရှိပြီလို့ သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ ၂၀၂၀ နှစ်ကူးကာလ လည်ပတ်သူတွေ၊ ခရီးထွက်သူတွေ အလွန်များပြား တာကြောင့်  ထိုင်းအစိုးရက ၂၀၁၉ ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ၂၀၂၀ ဇန်နဝါရီ ၂ ရက်နေ့ထိ ၇ ရက်တာကို ယာဉ်အန္တရာယ်စောင့်ကြည့်ရေးကာလအဖြစ်သတ်မှတ်ပြီး မတော်တဆထိခိုက်မှု လျော့ချရေး လှုံ့ဆော်သတိပေးနေပါတယ်။  အခုလိုသတိပေးနေတဲ့ကြားထဲက ဒီဇင်ဘာ ၂၇ မှ ၂၉ ရက်နေ့ထိ ၃ ရက်တာ ကာလအတွင်း ယာဉ်တိုက်မှုပေါင်း ၁၅၀၄ ကြိမ် ဖြစ်ပွါးခဲ့ပြီး သေဆုံးသူ ၁၅၉ ဦးရှိကာ ၁၅၄၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ယာဉ်မတော်တ ဆထိခိုက်မှု လျော့ချရေးနဲ့ပြ ည်သူ့ဝန်ဆောင်မှု ဗဟိုဌာန ဥက္ကဌ ရဲမှူးကြီး တမ်ရုန်းဆဒ်ဒီ ကစ်သီပရဖန်းက ဒီကနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။  အဆိုပါ ထိခိုက်သေဆုံးမှုတွေ ဖြစ်ရတဲ့အကြောင်းမှာ အရက်မူးပြီးယာဉ်မောင်းတာက ပထမ၊  သတ်မှတ်ထားတဲ့ အရှိန်ထက်ပိုပြီး အမြန်မောင်းတာက ဒုတိယအများဆုံး၊ မတော်တဆ ထိခိုက်သောယာဉ်မှာ မော်တော်ဆိုင်ကယ်က အများဆုံးလို့  ဆိုပါတယ်။  နှစ်ကူးကာလ မတော်တဆထိခိုက်မှုလျော့ချရေးအတွက် တနိုင်ငံလုံးမှာ စစ်ဆေးရေးဂိတ်ပေါင်း ၂၀၄၆ နေရာ၊  ယာဉ်ထိန်းရဲအင်အား ၆၄၅၉၉ ဦးကို တာဝန်ချထားကြောင်း၊ အဆိုပါဂိတ်တွေကနေ မော်တော်ယာဉ်အစီးရေပေါင်း ၉၅၆၅၇၀ စီးကို စစ်ဆေးခဲ့ပါတယ်။  စစ်ဆေးချက်အရ ယာဉ်စည်းကမ်းမလိုက်နာလို့ အမှုဖွင့်အရေးယူခံရသူပေါင်း ၂၁၆၈၀၄ ဦး၊ အဲဒီထဲက ဆိုင်ကယ်ဦးထုတ်မဆောင်းသူ ၃၈၅၅၀ ဦး၊ ယာဉ်မောင်းလိုင်စင်မရှိသူ ၅၂၄၃၄ ဦးရှိတယ်လို့ ဆိုပါတယ်။  ယာဉ်တိုက်မှုကြောင့် သေဆုံးသူအများဆုံးမှာ ဘန်ကောက် နဲ့ ချင်းမိုင်ဖြစ်ပြီး မတော်တဆ ထိခိုက်မှုအများဆုံးကတော့ နခွန်းပထုန်ခရိုင်ဖြစ်တယ်လို့ ရဲမှူးကြီး တမ်ရုန်း ဆဒ်ဒီက ပြောသွားပါတယ်။  ကိုးကား - ခေါ၀်ဆွတ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up