လူကျွံဘော စည်းမျဉ်း ပြောင်းလဲသင့်ဟု ဂရေမီဆောင်းနက် ပြော

Photo : skysports
စူပါဆန်းဒေးမှာ ကစားခဲ့တဲ့ လီဗာပူးနဲ့ ဝုဗ်အသင်းတို့ရဲ့ ပွဲစဉ်အပြီး VAR နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ ပိုမိုထွက်ပေါ်လာချိန်မှာ လူကျွံဘော စည်းမျဉ်းတွေကို ပြောင်းလဲသတ်မှတ်သင့်တယ်လို့ ဂရေမီဆောင်းနက်စ်က ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၂၉ ရက် ပွဲစဉ်မှာ လီဗာပူးအသင်းဘက်က ရရှိခဲ့တဲ့ဂိုးကို ကွင်းလယ်ဒိုင်က လက်ထိဘောအဖြစ် သတ်မှတ်ခဲ့ပေမယ့် VAR နဲ့ စစ်ဆေးပြီးချိန်မှာတော့ ဂိုးအဖြစ် ခွင့်ပြုခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ဝုဗ်အသင်းရဲ့ နက်တိုက ချေပဂိုး တဂိုး ပြန်သွင်းခဲ့ပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတခု အနည်းငယ် လူကျွံနေခဲ့တာကြောင့် ဒီဂိုးကို လူကျွံဘောအဖြစ်သာ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ “ဒီစနစ်ကို နားကိုမလည်နိုင်တော့ဘူး။ ကျနော်တို့ ဘောလုံးပွဲတွေက ဖျော်ဖြေမှုပေးတဲ့ လုပ်ငန်းတခု ဖြစ်ပေမယ့် အခု ကျနော်တို့ လုပ်နေတာတွေက လူတွေကို ပျော်ရွှင်မှုဖြစ်စေမယ့် ဂိုးတွေကို ငြင်းပယ်နေတာမျိုး ဖြစ်နေပါတယ်။ ကျနော်တို့ လုပ်သင့်တာကတော့ တိုက်စစ်မှူးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတခုခုကြောင့် လူကျွံဘောဖြစ်ရတယ် ဆိုတာကြီးကို ‌ပြောင်းလဲပစ်လိုက်ဖို့ပါပဲ” လို့ အားကစားအစီအစဉ်တင်ဆက်သူ ဆောင်းနက်စ်က ပြောပါတယ်။ “ကျနော်တို့ ဒီပုံအတိုင်း ဆက်သွားလို့မရပါဘူး။ အခုဆိုရင် ဒီစနစ်အပေါ် စိတ်ပျက် ဒေါသထွက်မှုတွေ ပိုပိုများလာပါပြီ” လို့လည်း သူက ပြောပါတယ်။ ဆောင်းနက်စ်ရဲ့ အဆိုကို လီဗာပူး ကစားသမားဟောင်း ဂျမီကာရေဂါကလည်း ထောက်ခံခဲ့ပြီးတော့ “VAR ကြောင့် ဂိုးတွေ ဆုံးရှုံးနေရပြီ” လို့ သုံးသပ်ပါတယ်။ VAR စနစ်ကို စတင်အသုံးပြုချိန်ကတည်းက အငြင်းပွားမှုများစွာ ဖြစ်ခဲ့ရတာပါ။ လက်ရှိ ပရီးမီးယားလိဂ်မှာ ခန္ဓာကိုယ်အစိတ်အပိုင်းတခုခု မသိမသာ အရှေ့ထွက်သွားလို့ လူကျွံဘောအဖြစ် သတ်မှတ်ခံရတဲ့ ဂိုးပေါင်းဟာလည်း ၂၂ ဂိုးအထိ ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်နေ့ ပွဲစဉ်မှာ နက်တိုရဲ့ဂိုးသာ ခွင့်ပြုခံခဲ့ရမယ်ဆိုရင် ပွဲပြီးရလဒ်ဟာ တမျိုးတဖုံ ပြောင်းလဲသွားဖို့ရှိခဲ့ပေမယ့် လူကျွံဘောအဖြစ်သာ သတ်မှတ်ခဲ့တာကြောင့် လီဗာပူးအသင်းဟာ ၁ ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်‌။ “ဒီစနစ်က ရယ်စရာကြီးပါပဲ၊ တကယ်လည်း အလုပ်မဖြစ်ဘဲနဲ့ ဆုံးဖြတ်ချက်တွေဟာ ကျနော်တို့ကို သတ်နေသလိုပါပဲ။ VAR စနစ်က ဘောလုံးပွဲတွေကို ဆိုးကျိုးဖြစ်စေပြီးတော့ ဘယ်သူကမှလည်း ဒီစနစ်ကိုမကြိုက်ပါဘူး” လို့ ဝုဗ်အသင်းခေါင်းဆောင် ကော်နာကိုအာဒီက ပြောပါတယ်။ ဝုဗ်အသင်း နည်းပြ နူနိုကလည်း VAR စနစ်ကို ပျစ်ပျစ်နှစ်နှစ် ဝေန်ခဲ့ပြီးတော့ “ကွင်းထဲက ဆုံးဖြတ်ချက်တွေကို ကွင်းနဲ့ မိုင်ပေါင်းများစွာဝေးတဲ့နေရာ‌မှာရှိတဲ့ လူတွေက တီဗွီ စခရင်တခုကို ကြည့်ပြီး ချမှတ်ပေးနေပါတယ်။ တကယ်တော့ သူတို့မှာ ကွင်းထဲက ပြိုင်ပွဲအပေါ် ဘာခံစားမှုမှ ရှိမနေပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။ လီဗာပူးနည်းပြ ယာဂန်ကလော့ကလည်း VAR အကြောင်း ဆွေးနွေးခဲ့သူစာရင်းမှာ ပါဝင်ခဲ့ပြီး “VAR ကို ဆုံးဖြတ်ချက်ချမှတ်ဖို့ အသုံးပြုနေကြတာပါ။ ကွင်းထဲက ဒိုင်အနေနဲ့ ကွင်းဘေးမှာ တပ်ဆင်ထားတဲ့ စခရင်ကို သွားကြည့်ပြီး ဆုံးဖြတ်တာက ပိုကောင်းမယ်လို့ ကျနော် ထင်ပေမယ့် ဒီလိုမျိုးသွားလုပ်တာမျိုး မတွေ့မိပါဘူး။ ဘာကြောင့်လဲ ဆိုတာတော့ ကျနော်လည်း သိပါဘူး” လို့ ပြောပါတယ်။ လီဗာပူးနဲ့ ဝုဗ် ပွဲစဉ်ဟာ VAR ကြောင့် အငြင်းပွားမှုကို ဖြစ်စေတဲ့ အခုသီတင်းပတ်ပွဲစဉ်တွေထဲက တခုသာ ဖြစ်ပြီးတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ဆောက်သမ်တန်၊ ဘရိုက်တန်နဲ့ ဘုန်းမောက်၊ နော့ဝှစ်နဲ့ စပါး၊ မန်စီတီးနဲ့ ရှက်ဖီးယူနိုက်တက်တို့ ပွဲစဉ်တွေမှာလည်း အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေနဲ့ ဂိုးပယ်ဖျက်ခံရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up