စီးပွားရေးနယ်ပယ်တွင် အောင်မြင်ခဲ့သည့် စီးပွားရေးသမားဖြစ်ဟု ရန်ကုန်ဝန်ကြီးချုပ်ပြော
အာကာ
·
December 30, 2019
စီးပွားရေးနယ်ပယ်မှာ အောင်မြင်ခဲ့တဲ့ စီးပွားရေးသမား တယောက်ဖြစ်လို့ လက်ရှိအစိုးရက YBSလုပ်ငန်းမှာ ထည့်ဝင်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဆုံးရှုံးစရာမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်ပါတယ်။
ဒီဇင်ဘာ ၂၉ ရက်က ကျင်းပတဲ့ ပုဇွန်တောင်မြို့နယ် ယာဉ်ရပ်နားဝင်းဖွင့်ပွဲအခမ်းအနားမှာ အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
“ကျနော်ဟာ စီးပွားရေးစာအုပ်တွေကို ဖတ်နေတဲ့သူမဟုတ်ပါဘူး။ Business နယ်ပယ်မှာကို အောင်မြင်ခဲ့တဲ့ စီးပွားရေးသမားတယောက်ဖြစ်ပါတယ်။ ကျနော်ပွင့်ပွင့်လင်းလင်း ဒီနေ့ ဒီစကားကို ပြောတာဖြစ်ပါတယ်”
YBS ယာဉ်လိုင်းတွေပြေးဆွဲရာမှာ အမြတ်ငွေမရသေးတာတွေနဲ့ပတ်သက်လို့ အခုလို ဆက်စပ်ပြောကြားခဲ့တာပါ။ အစိုးရက YBS အများပိုင်ကုမ္ပဏီ YUPT ကုမ္ပဏီမှာ ထည့်ဝင်ထားတဲ့အစိုးရရဲ့ (၃၅)ဘီလီယံနဲ့ပတ်သက်ပြီး အခုလို ပြောဆိုသွားတာဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်လို စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ ဘယ်တုန်းက ဘယ်လောက်အထိ အောင်မြင်ခဲ့တဲ့တဲ့ သူဖြစ်တယ်ဆိုတာကိုတော့ ရန်ကုန် ဝန်ကြီးချုပ်က ထည့်သွင်းပြောဆိုသွားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလည်း YUPT ကုမ္ပဏီက ရှယ်ယာရှင်တွေက အမြတ်ငွေ လက်ရှိအချိန်အထိ မရသေးတာကြောင့် ဝေဖန်ပြောဆိုမှုတွေလည်းပြီးခဲ့တဲ့ရက်ပိုင်းတွေက ဖြစ်ပေါ်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ကုမ္ပဏီကရှယ်ယာတွေကို ပြန်လည်ဝယ်ယူဖို့ အဆိုပြုတာတွေရှိလာခဲ့ပါတယ်။