တိုက်ပွဲကြောင့် ရသေ့တောင် မကျည်းချောင်းတွင် ရွာသား ၅၀ ကျော်ပိတ်မိနေ
DVB
·
December 29, 2019
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အငူမော်-ကုန်တန်းအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးလာနေကြပြီး မကျည်းချောင်းရွာမှာ ပိတ်မိနေသူတွေ ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့က မနက်ပိုင်နဲ့ နေ့လယ်ပိုင်းတွေမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့နယ်က အငူမော်ကျေးရွာ၊ ပေါက်တောပြင်၊ တန်းအေးနဲ့ မကျည်းချောင်းကျေးရွာ ၅ ရွာတို့က ကျေးရွာသား ၃၅၀ လောက်ဟာ ရသေ့တောင် အငူမောင်ဆိပ်ကမ်းကနေ စက်လှေတွေကိုယ်စီနဲ့ စစ်တွေမြို့ကို ထွက်ပြေး လာကြတာဖြစ်ပါတယ်။
ထွက်ပြေးလာတဲ့ မကျည်းချောင်းကျေးရွာကဒေါ်ပုမက ”ကျမတို့ရွာသားတွေ အကုန်ထွက်ပြေးလာတယ်။ အဲ့ဒီမှာ သွားလာလို့မရတဲ့လူတွေကုန်ခဲ့တယ်။ အသက်တရာကျော်နှစ်ယောက်လောက်ကျန်ခဲ့တယ်။ အသက် ၉၀ ပတ်ဝန်းကျန်တယ်။ တော်တော်များများကတော့ အသက်ကြီးပဲတွေပဲကျန်တာပဲ၊ တချို့ ပြေးလွှားလို့ မရကြဘူး။ လက်နက်ကြီးတွေက ရွာကိုကျတော့ အကုန်ကြောက်လန့်နေကြတယ်။ လက်နက်ကြီးကျတဲ့အချိန်မှာတော့ ဘယ်ကိုပြေးလို့ပြေးရမှန်းမသိဘူးလေ။”
အငူမော်ကျေးရွာကထွက်ပြေးလာတဲ့ ဒေါ်သောင်းမေက ”ကြောက်တာပေါ့၊ အေးအေးချမ်းပဲဖြစ်စေချင်တယ်။ ကြောက်တယ်ဆိုတာ နေစရာမရှိဘူး။ မနေ့ကဆိုရင်ထမင်းတောင် ၂ နပ်မစားခဲ့ရဘူး။ သူတို့မှာတိုက်ချင်သလိုတိုက်ကြ၊ အဲ့ဒီမှာ အထက်ကနေ လက်နက်ကြီးတွေနဲ့ပစ်တယ်။ အဲ့ဒီမြောက်လက်နက်ကြီးတွေကလည်း ရွာဦးကိုကျတယ်။ ပြီးတော့ နတ်ပင်တွေကိုထိတယ်။ အိမ်ခေါင်းမိုးနားက အုန်းပင်တွေဆိုရင် အကုန်ကျိုးကုန်တယ်။။
လက်ရှိအချိန်မှာ အဲ့ဒီစစ်ဘေးရှောင်တွေဟာ စစ်တွေမြို့ ဓညဝတီရပ်ကွက်က ဓမ္မာရာမဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြပြီး စားနပ်ရိက္ခာတွေအပါအဝင် အဝတ်ထည်တွေ၊ စောင်တွေ အရေးပေါ်လိုအပ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က ဦးခင်မောင်လတ် ပြောဆိုပါတယ်။
အငူမော်ကုန်းတန်ရွာနဲ့ အနောက်မြောက်ဘက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်နေတာ ၅ ကြိမ်လောက်ရှိလာနေပြီး ဒီဇင်ဘာ၂၈ ရက်နေ့ မနက်ပိုင်း တကြိမ်၊ နေ့လယ်ပိုင်းတကြိမ် တိုက်ပွဲတွေပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ရဲကား သုံးစီးဟာလည်း အငူမော်သွားတဲ့ လမ်းမှာ မိုင်းခွဲခံခဲ့ရသလို ဒီလိုမိုင်းခွဲခံရပြီးနောက်ပိုင်း အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် ကျေးရွာသားတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ အမျိူးသားလွှတ်တော်ကိုယစာလှယ် ဦးခင်မောင်လတ်က ပြောဆိုပါတယ်။
သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို