ပေါင်နှံချေးငှားခြင်းနှင့်ပတ်သက်၍ ဥပဒေရေးရာ အမေးအဖြေ

ပေါင်နှံချေးငှားတာတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းထားတာတွေကို  ဦးစိုးတင့်ရီ (တရားလွှတ်တော်ရှေ့နေ)ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ ကျနော်က သိန်းနှစ်ထောင်တန် အိမ်တလုံးကို သိန်း ၅၀၀ နဲ့ အပေါင်ခံထားပါတယ်။ ဒါပေမဲ့ ပေါင်နှံသူ အိမ်ထောင်ဦးစီးက ကျန်းမာရေးသိပ်မကောင်းပါဘူး။ ကိုယ့်ငွေ မဆုံးရှုံးရလေအောင် ပေါင်နှံစာချုပ်အပြင် အရောင်းအဝယ်စာချုပ်ကိုလည်း ရှေ့နေနဲ့ချုပ်ထားပါတယ်။ ဒါပေမဲ့ အဲဒီအိမ်က ဂရန်မရှိပါ။ စပယ်ရှယ်ပါဝါပဲ ရထားပါတယ်။ တကယ်လို့များ ပေါင်နှံထားသူ ကွယ်လွန်သွားရင် စာချုပ် ပျက်ပြယ်သွားနိုင်ပါသလား။ ဖြေ။  ဒီမေးခွန်းနဲ့ပတ်သက်လို့ ဖြေရမယ်ဆိုရင်တော့ စာချုပ်ပျက်ပြယ်သွားနိုင်သလား..။ ပေါင်နှံသူ ကွယ်လွန်သွားမယ်ဆိုရင် စာချုပ်မပျက်ပြယ်ပါဘူး။ မပျက်ပြယ်ပါဘူးဆိုတာ ဘာကြောင့် အကြောင်းရှိသလဲဆိုတော့ တရားမဥပဒေမှာက တရားဝင်ကိုယ်စားလှယ်ဆိုတာက ရှိတယ်။ အရပ်စကားဆိုရင်တော့ သေသူရဲ့ အမွေဆက်ခံသူပေါ့။ သားသမီးတို့၊ တူ၊ တူမတို့  Legal representative ခေါ်တာပေါ့။ အဲဒီလို တကယ်လို့သေသွားရင် တရားဝင် ကိုယ်စားလှယ်အပေါ်မှာပဲ တရားစွဲဆိုနိုင်တဲ့အတွက်ကြောင့် ပေါင်နှံထားသူ ကွယ်လွန်သွားရင် စာချုပ်ပျက်ပြယ်သလားဆိုတဲ့ အချက်က.. မပျက်ပြယ်ပါဘူး။ ကျနော် ထမဆုံးမေးခွန်းကို ဖြေပေးပါ့မယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လိုဖြေရှင်းရမလဲ ဆိုတာနဲ့ ပတ်သက်လို့ ဥပဒေအကြံဉာဏ်ပေးချင်ပါတယ်။ သူ့ရဲ့မေးခွန်းက အိမ်ဂရန် မရှိပါဘူးတဲ့။ ပြဿနာမရှိပါဘူး။ Special power ပဲဆိုတော့ Special power တို့ General power တို့ဆိုတာလည်း ပေးတဲ့သူ ကွယ်လွန်သွားရင် အော်တိုမစ်တစ် ပျက်သွားတဲ့အတွက်ကြောင့် ဒါလည်း သိပ်မလိုပါဘူး၊ သိပ်အရာမရောက်ပါဘူး။ သို့သော် သူ့ရဲ့ အဆိုအရ ကြည့်တဲ့အခါကျတော့ သိန်း ၁၀၀၀ တန်ကို ၅၀၀ ပေးထားလိုက်တယ်ပေါ့၊ အဲဒီတော့ ဒီ ၅၀၀ က ဒီစာချုပ်သက်တမ်းကို တချက်ကြည့်ရမယ်။ သူက နေမကောင်းဘူးလို့ ပြောထားပြန်တယ်။ ဆိုတော့ သူ့ စာချုပ်က မပြည့်သေးဘူး ထင်တယ်။ မပြည့်သေးတော့ စိတ်ပူနေတာ။ အဲဒီတော့ ဒီကြားထဲမှာ အပေါင်ခံတဲ့သူများ ကွယ်လွန်သွားရင် အခက်အခဲရှိမလား ဆိုပြီး စိတ်ပူတာပေါ့။ အဲဒါက ပြဿနာမရှိနိုင်ဘူး။ သူက ပထမ စာချုပ်က သိန်း ၅၀၀နဲ့ ပေါင်ထားတယ်။ ပေါင်ထားတာကို သူက ပေါင်နှံစာချုပ် ချုပ်လိုက်သေးတယ်။ ပေါင်တဲ့အကြောင်းကို စာချုပ် ချုပ်ထားတယ်။ နောက်ပြီးတော့ ထပ်ပြီးတော့ ရှေ့နေနဲ့လည်း အရောင်းအဝယ်စာချုပ် ချုပ်ထားတယ်။ အဲဒီလိုဆိုတော့ သူ့အတွက်က ဘာမှပြဿနာ မရှိဘူး။ သို့သော် လုပ်ရမယ့် အနေအထားက.. အကယ်၍များ ပေါင်နှံသူ ကွယ်လွန်သွားရင် ဆိုရင် အခု သူပေါင်နှံထားတဲ့ ငွေသိန်း ၅၀၀ ပြန်ရလိုမှု အပေါင်စာချုပ်အပေါ်မှာ မူတည်ပြီးတော့ တရားစွဲလို့ရတယ်။ ပေါင်ထားကြောင်းကို အထောက်အထားအဖြစ် ကျနော်တို့ အရောင်းအဝယ်စာချုပ် ချုပ်ထားတယ်။ အဲဒီတော့ နှစ်ခုမှာ တခုပဲ တောင်းခွင့်ရှိတယ်။ အပေါင်နဲ့ တောင်းမလား…. ကျနော်တို့ အရောင်းနဲ့ တောင်းမလား။ သို့သော် တရားမျှတစွာ အကြံပြုလိုတာကတော့ ပေါင်တဲ့အတိုင်းပဲ တောင်းပြီးတော့ ဒီရှေ့နေနဲ့ချုပ်ထားတယ်ဆိုတဲ့ အရောင်းအဝယ် စာချုပ်ဆိုတာက ယုံကြည်စိတ်ချအောင်လို့ ချုပ်ထားတာဆိုရင် သူ့ကို ပံ့ပိုးပေးရမယ်။ အပေါင်စာချုပ်ကို အရောင်းက ပံ့ပိုးပေးမယ်ဆိုရင် ဒီအမှုက မအောင်မြင်စရာ အကြောင်းမရှိပါဘူး။ ရမှာပါ။ မဆုံးရှုံးပါဘူးလို့ ဖြေကြားလိုပါတယ်။ မေး။ ဆရာရှင့်၊ ကျမတို့က အသေးစား ငွေချေးအသင်းတခုမှာ ဝိုင်းကြီးချုပ်စနစ်နဲ့ ငွေချေးကြပါတယ်။ ၁၀ ယောက်တစုက ချေးသူတယောက်ကို အာမခံတာပါ။ စာချုပ်နဲ့ ဖြစ်ပါတယ်။ အဲဒီထဲက တယောက်က ငွေချေးထားပြီး ပြန်မဆပ်တော့လို့ အာမခံထားတဲ့ ကျမတို့ကပဲ စုပြီးဆပ်လိုက်ရပါတယ်။ လူချင်း တွေ့နေလည်း မျက်နှာပြောင်တိုက်ပါပဲ။ သူ့ကို အာမခံထားတဲ့ ကျမတို့အနေနဲ့ တရားစွဲလို့ရပါသလား။ ဘယ်လိုစွဲရမလဲ ဆိုတာကို သိပါရစေ။ အဲဒါကတော့ ဒီပြန်မဆပ်နိုင်တဲ့ လူအပေါ်မှာတော့ တရားစွဲခွင့် မရှိပါဘူး။ မရှိရတဲ့ အကြောင်းလေးကို နည်းနည်း ရှင်းပြပါမယ်။ သူတို့က ဒီအသင်းတခုက ငွေချေးလိုက်တာကို သူ မဆပ်လို့ရှိရင် ကျမတို့ဆပ်ပါမယ်ဆိုပြီး အာမခံလိုက်တာကိုး။ အာမခံပြီးတော့ တကယ်လည်း ဟိုက မဆပ်တော့ သူတို့က ဝိုင်းဆပ်လိုက်ရတာ။ သို့သော် သူ့မှာက စာချုပ်လေးတခု ရှိခဲ့ရင်တော့ သူတို့ အဆင်ပြေမယ်။ မင်းအတွက်ကို ငါတို့  ၉ ယောက်၊ ၁၀ ယောက် ဝိုင်းဆပ်မယ်။ ဘယ်အချိန်မှာ မင်းတို့ ပြန်ပေးရမယ်။ ကာလတခုပါ့နော်။ တို့စုဆပ်တဲ့ငွေကို အာမခံထားတဲ့သူတွေကို တို့စိုက်ဆပ်တဲ့သူတွေကို မင်း ပြန်ပေးရမယ်လို့ စာချုပ်တခု သီးခြားလိုပါတယ်။ အဲဒီစာချုပ် ရှိရင်တော့ ရမယ်။ အဲဒီစာချုပ်မရှိဘူး ဆိုရင်တော့ အသင်းနဲ့ ဖြစ်တဲ့ကိစ္စကတော့ အသင်းက သူ့ဘာသာပဲ စာချုပ်ချုပ်ထားတယ်။ သူလည်း ရတဲ့ငွေကို ယူသွားပြီးဆိုတော့ အသင်းနဲ့ သက်ဆိုင်မှု မရှိတော့ဘူး။ အာမခံတဲ့သူက သူတို့ ပြောသလိုပဲ မျက်နှာပြောင်တိုက်ပြီး ထောင်ထောင်သွားနေတယ် ဆိုတော့။ အမှန်ကလည်း ဟုတ်တယ်။ သူ့ကိုမှ စွဲလို့မရဘဲ။ သို့သော် အပြင်မှာ စာချုပ်လေးတခု ချုပ်ထားတယ်။ အသင်းနဲ့ ချုပ်ထားတဲ့အထဲမှာကို ပါနေပြီ။ အသင်းနဲ့ ချုပ်ထားတဲ့အထဲမှာ အချက်တချက် ပါနေတယ်။ အာမခံသူများက ပေးလျော်ရမယ်။ အာမခံသူကိုလည်း ဘယ်အချိန်အခါမှာ ကာယကံရှင် ပြန်လည် ပေးဆပ်ရမည်.. ပါရင်တော့ စွဲလို့ရပါတယ်။ ဒါက အကြောင်း အခြင်းအရာ အဖြစ်အပျက်အပေါ်နဲ့ လုပ်ထားတဲ့ စာချုပ်စာတမ်းအပေါ်မှာ မူတည်ပါတယ်။  အာမခံတဲ့သူတွေကို ပြန်ဆပ်ပါမယ်ဆိုတဲ့ စာချုပ်ရှိခဲ့ရင်တော့ တရားစွဲဆိုလို့ရပါတယ်။ အခုက တရားစွဲဆိုလို့ရတယ်၊ မရဘူး ဆိုတဲ့အပိုင်းက နှစ်ပိုင်းရှိတယ်။ တရားစွဲတာကတော့ မည်သူမဆိုပဲ မကျေနပ်ရင် ထပြီးတော့ တရားစွဲကြတာပဲ။ သို့သော် အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတဲ့အပိုင်းကို ကြည့်တဲ့အခါကျတော့ ဒီအတိုင်း ဘာစာချုပ်မှ မရှိဘူး။ အာမခံတဲ့သူကို ပြန်ပေးရမယ်လို့ စာချုပ်မရှိဘူး ဆိုရင်တော့ မအောင်မြင်နိုင်ပါဘူးလို့ပဲ ဖြေချင်ပါတယ်။ မေး ။ လွန်ခဲ့တဲ့ ၆ လလောက်က ခင်မင်ရင်းနှီးသူ တဦးထံကနေ သူပိုင်တိုက်ခန်းကို အပေါင်ခံခဲ့ပါတယ်။ ဒါပေမဲ့  မကြာခင်ကဘဲ ဒီတိုက်ခန်းကို အခြားသူတဦးထံ ရောင်းချပြီး ခြေရာဖျောက်သွားခဲ့တဲ့အတွက် ကျနော့်မှာ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဒီကိစ္စကို ဥပဒေအရ ဘယ်လိုကုစားလို့ ရမလဲဆိုတာကို အကြံဉာဏ် တောင်းခံအပ်ပါတယ်။ သာမန်အားဖြင့်တော့ ရန်ကုန်မြို့ပေါ်မှာ တိုက်ခန်းတွေ ပေါင်ကြတာက လက်ရောက် ပေးလိုက်ရတယ်။ အပေါင်ခံသူကို လက်ရောက် ပေးလိုက်ရတယ်။ ပေါင်တဲ့သူကော၊ အပေါင်ခံတဲ့သူကော နှစ်ယောက်စလုံး သော့ တပြိုင်တည်း ခတ်ထားတယ်။ ဒီအခန်းမှာ ဘယ်သူမှ မနေရဘူး။ အလွတ်ပေးထားရတာပေါ့နော်။ ဒါက အပေါင်ကိစ္စနဲ့ လက်ရောက်ပေးမှု။ သို့သော် မေးခွန်းရှင်ကို ကြည့်လိုက်တော့ သူက ဒီအတိုင်း အလွတ်ယူထားတဲ့သဘော။ ဒီလိုလုပ်ထားပုံမပေါ်ဘူး။ မပေါ်တော့ နောက်တယောက်ကို ရောင်းပြီးတော့ ဒီလို လုပ်သွားတယ်။ ရောင်းသွားတယ်ဆိုတော့ ဒီကြားထဲမှာ လွတ်နေတာပေါ့။ သူ ပေါင်ထားတယ် ဆိုတော့ သူ့မှာ အပေါင်စာချုပ်တော့ ရှိမယ်။ အဲဒီတော့ သူက တရားစွဲလို့ရပါတယ်။ ဆုံးရှုံးမှုတော့ မရှိနိုင်ပါဘူး။ တရားစွဲနိုင်ပါတယ်။ တရားစွဲတဲ့အခါမှာ ပေါင်ထားတဲ့ အဲဒီစာချုပ်အရ.. ဒါကို နောက်လူတယောက်ဖြစ်တဲ့ ဦးဖြူ၊ ဦးနီကို ရောင်းလိုက်ပါတယ်ဆိုပြီးတော့ ဦးဖြူ၊ ဦးနီကိုတော့ ဒီအမှုမှာ သက်သေအဖြစ် လုပ်ပေးရမယ်။ အဲဒီလူကလည်း… ဟုတ်တယ် ကျနော်တို့ကို ရောင်းသွားတယ်။ ဘယ်နေ့၊ ဘယ်ရက်က ရောင်းသွားတယ် အဲဒီလိုသဘောမျိုးလေးပေါ့။ အဲဒါမျိုးဆို တရားစွဲလို့ရမယ်။ သို့သော် ဒီလူက ခြေရာဖျောက်တယ်ဆိုတဲ့ကိစ္စ ရှိတယ်။ ခြေရာဖျောက်တယ်ဆိုတဲ့ ကိစ္စမှာ  ခြေရာခံဖို့တော့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အခုခေတ်ကလည်း အကုန်ပျောက်နေကြတာကိုး။ သို့သော် တရားစွဲလိုက်၊ တရားစွဲလိုက်ရင် တရားရုံးကနေ သူ့ကို ကြေညာမှာပေါ့။ ခင်ဗျားကိုတော့ တရားစွဲထားပြီ။ လာဖြေရှင်းပါ။ ဒါကို သတင်းစာထဲက တရားဝင် ကြေညာမယ်။ တရားဝင်လာပြီးတော့ မဖြေရှင်းဘူးဆိုရင် သူ့အပေါ်မှာ တဖက်သတ် စစ်သွားလို့ရတယ်။ တဖက်သတ်စစ်သွားတဲ့အခါကျတော့ သူ့အပေါင်ဒီကရီက ဘယ်လောက်နဲ့ ပေါင်ထားတယ်။ သူ့အပေါင်အတိုင်းပဲ တန်ဖိုးကိုတော့ ရပိုင်ခွင့်ကိုတော့ တရားရုံးက အနိုင်ဒီကရီ ပေးထားလိုက်ပြီ။  တဖက်သတ်ဖြစ်သွားပြီး ဟိုလူကတော့ ပြေးနေပြီ ဆိုတော့ သူမှာ အခွင့်အရေးလေး ရှိတာကို ပြောပြတာပါ။ အဲဒီရထားတဲ့ ဒီကရီ.. သူ့ဆီပေါင်ထားတဲ့ သိန်း ၅၀၀ဝ ဖြစ်ဖြစ်၊ ၁၀၀ဝ ဖြစ်ဖြစ် အစရှိသဖြင့် အဲဒီက ဒီပြေးတဲ့ လူတွေအပေါ်ဆီမှာ သူက ဒီကရီရထားမယ်။ ရထားတဲ့အခါကျတော့ ဒီလူရဲ့ အိမ်ပိုင်ဆိုင်မှုတွေကို လေ့လာမယ်။ လေ့လာပြီးတော့ ဒီလူရဲ့ တရားဝင် ပိုင်ဆိုင်တဲ့ အမည်ပေါက်ပစ္စည်းဆိုရင် ဇာရီအမှုဖွင့်၊ ဝရမ်းကပ်ပြီးတော့၊ လေလံပစ်ပြီး ရနိုင်ပါတယ်။ ဇာရီအမှု ဆိုတာက အနိုင်ဒီကရီရရှိထားတာကို အကောင်အထည်ဖော်တဲ့ အမှုပေါ့နော်။ အဲဒီဟာက ဒီကရီ ကျပြီးတော့ ၃ နှစ်အတွင်း ဖွင့်လို့ရတယ်။ ၃ နှစ် အချိန်ပေးထားတယ်။ ဇာရီဖွင့်ထားတယ်။ သူ့ကို ရှာတာပေါ့။ ကြိုးစားပြီး ရှာတာပေါ့။ မိမိက လိုချင်တဲ့သူဆိုတော့ ကြိုစားရှာပေါ့။ ၃နှစ်ပြည့်သွားရင် ပိတ်ထားလိုက်။ နောက်တခါ ပြန်ဖွင့်၊ အဲဒါက ၄ ကြိမ်တိတိ ဖွင့်လို့ရတယ်။ ၁၂ နှစ်အထိ တရားနိုင်ကို အခွင့်အရေးပေးထားပါတယ်။ အဲဒီတော့ ၁၂ နှစ်အတွင်းမှာ သူ့ကိုသော်လည်းကောင်း၊ သူ့ရဲ့ ပိုင်ဆိုင်မှုကို တင်ပြနိုင်မယ်ဆိုရင် သူ အကျိုးရှိပါတယ်။ လုံးဝ ဆုံးရှုံးသွားတာတော့ မဟုတ်ဘူး။ ၁၂ နှစ်အတွင်း ကိုယ်က ရှာလို့မရဘူး ဆိုရင်တော့ သူ့အတွက် အလားအလာ ဘာမှ မရှိတော့ပါဘူး။  မေး။ လွန်ခဲ့တဲ့နှစ်က အသိတယောက်ကို ငွေသိန်း ၅၀ ချေးပေးခဲ့ပါတယ်။ ငွေချေးယူထားကြောင်း စာချုပ်လည်း ချုပ်ထားပါတယ်။ ဒါပေမဲ့ မိုးတွင်းကာလတုန်းက ရေကြီးလို့ အိမ်တပိုင်း မြုပ်သွားတော့ အဲဒီစာချုပ်လည်း လုံးဝ ပျက်စီးသွားခဲ့ရပါတယ်။ တကယ်လို့ ပြန်ဆပ်ရမယ့်အချိန်ရောက်လို့ စာချုပ်မရှိလို့ဆိုပြီး ပြန်မပေးတော့ဘူးဆိုရင် ချေးပေးထားတဲ့ငွေတွေ ဆုံးရှုံးသွားနိုင်ပါသလား။ မဆုံးရှုံးအောင်လုပ်နိုင်တဲ့ နည်းလမ်းရှိရင် ပြောပြပေးပါလား ဆရာ။ ဖြေ။ ဒီကိစ္စကတော့ နှုတ်တရာ၊ စာတလုံးပေါ့နော်။ စာချုပ်ရှိရင် ပိုခိုင်တာပေါ့။ အခုက စာချုပ်ကတော့ ရေမျောသွားပြီဖြစ်တဲ့အခါကျတော့ ဒီစာချုပ်ချုပ်ခဲ့တယ်ဆိုတာက သူ အတည်ပြုပေးရမယ်။ အဲဒီတော့ ဘယ်ရက်က ရေကြီးလဲ၊ ဒါလည်း သူ သေချာပြောနိုင်ရမယ်။ အဲဒီတော့ လတ်တလော သူ လုပ်ရမှာက ဒီအတိုင်း ထိုင်နေလို့တော့ မရဘူး။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီမှာ ဘယ်နေ့ ဘယ်ရက် ကျနော် ငွေချေးစာချုပ်က ရေထဲပါသွားပါတယ်။ ဒါကြောင့်မို့ အသစ်ပြန်ချုပ်ချင်ပါတယ်လို့ တင်ပြရမယ်။ တဖက်ကို ခေါ်ပေးပါဆိုရင်လည်း လူမှုရေးအရ ခေါ်ပေးတာရှိတယ်။ လာရင်လည်း လာမယ်ပေါ့လေ၊ မလာရင်လည်း မလာဘူးပေါ့။  လာခဲ့ရင်တော့ အသစ်ပြန်ချုပ်လိုက်။ ဒါ ပထမဆုံး ရိုးရိုးသားသား လုပ်တဲ့အဆင့်။ ဒါမှမဟုတ်လို့ရှိရင်လည်း ရှေ့နေ၊ ရှေ့ရပ်ကနေတဆင့် နို့တစ်စာပေးပြီးတော့ အဲဒီလိုပဲ စာချုပ်ပြန်ချုပ်ပါ။ ဒီလိုနို့တစ်စာ အကြောင်းကြားပေးလို့ ရတယ်။ အဲဒါမှ သူ မလိုက်နာဘူး ဆိုရင်တော့ ဒီအချက်တွေက မိမိက စာချုပ်ပျောက်သွားတဲ့အကြောင်းကို သက်ဆိုင်ရာရပ်ကွက်ကို တိုင်ထားတဲ့ အထောက်အထားတွေ၊ အဲဒီစာချုပ်ထဲမှာ  သက်သေအဖြစ် လက်မှတ်ထားထိုးထားတဲ့ သက်သေလည်း ရှိဦးမှာပဲ။ လွယ်လွယ်နဲ့တော့ မဆုံးရှုံးပါဘူး။ သို့သော် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စလေးတွေကိုတော့ လောလောဆယ်ဆယ် လုပ်ကိုလုပ်ထားရမယ်။ ဒီအတိုင်းကြီး ပျောက်သွားလို့ ဘာမှမပြောဘဲ ငြိမ်နေတယ်။ နှစ်စေ့မှ သွားပြောတယ် ဆိုရင်တော့ ဟိုကလည်း ရိုးရိုးသားသားနဲ့ ပေးချင်မှပေးမယ်။ မပေးဘဲ ငြင်းခွင့်ရှိတယ်။ အဲဒီကျတော့ အခွင့်အရေးက နည်းသွားမယ်။ သူ လောလောဆယ် လုပ်ထားရမှာက ရဲစခန်းမှာ အကြောင်းကြားရမယ်။ သက်ဆိုင်ရာ ရ.ယ.က မှာလည်း အကြောင်းကြားရမယ်။ ရှေ့နေရှေ့ရပ်နဲ့လည်း နို့တစ်စာပေးထားတယ်ဆိုရင်.. သူ စာချုပ်ပျောက်သွားတယ် ဆိုတာ ခိုင်မာဖို့ပဲ အရေးကြီးပါတယ်။ သူ စာချုပ်မှာ သက်သေမပါဘဲနဲ့တော့ နေမှာ မဟုတ်ဘူး။ အဲဒီလို လုပ်ဆောင်ချက်တွေ လုပ်လို့ရပါတယ်လို့ ဖြေကြားလိုပါတယ်။ မေး ။ ကျနော့်အမေ မကွယ်လွန်ခင်က လက်ရှိ နေထိုင်တဲ့ အိမ်ခြံမြေကို ငွေရှင်တဦးထံမှာ ပေါင်နှံထားခဲ့ပါတယ်။ အဖေကတော့ အမေထက်ဦးစွာ ကွယ်လွန်ခဲ့တာပါ။ လွန်ခဲ့တဲ့ လက အမေ ကွယ်လွန်ခဲ့တဲ့အတွက် အမေ ပေါင်နှံထားတဲ့ အိမ်ကို အမွေဆိုင်သားသမီးများက ပြန်ရလိုတဲ့အတွက် ဘယ်လိုလုပ်ရမလဲ ဆိုတာကို သိလိုပါတယ်။ အဲဒါကတော့ အင်မတန်ရိုးရှင်းတဲ့ ကိစ္စပါ။ ဘာပြဿနာမှ မပေါ်ပေါက်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအိမ်ပေါ်မှာ သူတို့ တောက်လျှောက်နေလာတယ်လေ။ နေလာတဲ့အတွက်ကြောင့် စာချုပ်တွေက ဘာဖြစ်လို့ ဟိုကို ရောက်နေတယ်။ ရောက်နေတာတော့ ပေါင်လို့ ရောက်နေတာပါ။ ဒါကလည်း ရှင်းတော့ ရှင်းပါတယ်။ အဲဒီအခါကျတော့ ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို ပြန်လည်ရွေးနုတ်ပေးစေလိုမှု၊ ကျနော်တို့ ပေါင်ထားတဲ့ငွေကိုလည်း ကျနော်တို့ ပြန်လည်ပေးပါမယ်ဆိုပြီးတော့ တရားစွဲလို့ရပါတယ်။ သိပ်ပြီးတော့ သူတို့အတွက် ပြဿနာမရှိပါဘူး။ အိမ်ကိုသာ လက်လွှတ်ပြီးတော့ ပေးထားမယ် ဆိုရင်တော့ အတော်ခက်ခဲမှာ။ သူတို့ကလည်း သူတို့ဘာသာသူတို့ အိမ်ထဲမှာ တောက်လျှောက်နေတယ် ဆိုတဲ့အတွက်ကြောင့် စာချုပ်စာတမ်းသာ ရောက်နေတာ။ အဲဒီတော့ အဲဒီစာချုပ်စာတမ်းများကို ကျနော်တို့ ပေါင်ထားတဲ့ငွေကို ပေးမယ်။ အတိုးနဲ့တကွပေါ့လေ။ သူတို့စာချုပ်မှာ ဘယ်လို သတ်မှတ်ထားသလဲ။ အဲဒီအတိုးနဲ့တကွ ပြန်လည်ပြီးပေးပါ့မယ်။ စာချုပ်စာတမ်း ပြန်လည်ရယူလိုမှု စွဲပိုင်ခွင့်ရှိပါတယ်။ တရားစွဲလို့ ရပါတယ်။ သိပ်အခက်အခဲလည်း မရှိပါဘူး။ တရားစွဲတဲ့အဆင့် ရောက်ချင်မှလည်း ရောက်မှာပါ။ သိပ်လည်းစိတ်မပူပါနဲ့။ ကျနော်တို့အမေ ချေးထားတဲ့ငွေ ဘယ်လောက်၊ အတိုးကတော့ ဘယ်လောက်၊ ဒါကတော့ နည်းနည်းလျှော့ဗျာ.. ဘာညာနဲ့ပြောပြီးတော့ ဒီဟာကို ပေးမယ်၊ ကျနော်တို့ စာချုပ်တွေ ပြန်ပေးပါဆိုတော့ ရပါတယ်။ အဲဒီလိုမှ မရဘူး ဆိုရင်တော့ စာချုပ်စာတမ်း ပြန်လည်ပေးအပ်စေလိုမှုနဲ့ ကျနော် အပေါင်ငွေလည်း ပြန်လည်ပေးစေလိုမှုနဲ့ စွဲခွင့်ရှိပါတယ်။ သူတို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လက်ထဲမှာ အိမ်ရှိနေတယ်၊ တောက်လျှောက် အိမ်ရှိနေတဲ့အတွက်ကြောင့် သူတို့ဘက်က အများကြီး အားသာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up