သောင်းဒရားကျေးရွာမှ ပိတ်မိနေသည့် သက်ကြီးရွယ်အို ၃၀ ကို ကယ်ထုတ်
DVB
·
December 28, 2019
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သောင်းဒရားကျေးရွာမှာ ပိတ်မိနေတဲ့ သက်ကြီးရွယ်အို ၃၀ ကျော်ကို ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့ပြီလို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
“ရွာမှာ စစ်တပ်က နေရာယူထားတယ်။ နယ်လုံဝန်ကြီး ခွင့်ပြုချက်နဲ့ သွားရောက် ကယ်ထုတ်လာနိုင်ခဲ့တယ်။ သူတို့ ပိတ်မိနေတာ ၂ ပတ်လောက် ကြာနေပြီ။ အားလုံး သက်ကြီးရွယ်အို ၃၀ ကျော်လောက်ရှိတယ်။ ရွာမှာ မြင်ခဲ့ရတာကတော့ ဈေးဆိုင်တချို့ကတော့ ဖျက်ထားတာတွေ တွေ့ရတယ်။ အခုဆို သောင်းဒရားကျေးရွာမှာ ကျေးရွာသူ ကျေးရွာသား တဦးမှ နေထိုင်နိုင်ခြင်း မရှိတော့ဘူး။”
သောင်းဒရားကျေးရွာဟာ ရသေ့တောင်မြို့နယ်ကနေ လေးမိုင်ခန့်အကွာမှာ တည်ရှိပြီး အိမ်ခြေ ၃၀၀ နီးပါး၊ လူဦးရေ ၁၃၀၀ လောက် နေထိုင်တဲ့ ကျေးရွာဖြစ်ကာ တပ်မတော်စစ်ကြောင်းတခု ဒီဇင်ဘာ ၁၄ ရက်နေ့ကတည်းက ဝင်ရောက်လာတာကြောင့် ရွာသူ ရွာသား အများစု နီးစပ်ရာကျေးရွာတွေနဲ့ ရသေ့တောင်မြို့ပေါ် ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြပြီး သက်ကြီးရွယ်အိုတွေသာ ကျန်ရှိနေခဲ့တာပါ။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက “ကျနော်တို့က နယ်မြေရှင်းလင်းရေး လုပ်တဲ့အတွက်ကြောင့် မသင်္ကာတဲ့ရွာတွေဆိုရင် ရှာဖွေမှုတော့ လုပ်ရမှာပေါ့နော်။ လုပ်တဲ့အခါ တပ်တခုတည်း လုပ်တာမဟုတ်ဘူး။ ကျေးရွာတွေမှာ ရပ်မိ၊ ရပ်ဖတွေ ပါတယ်၊ ကျေးရွာတာဝန်ခံတွေ ပါတယ်၊ စနစ်တကျ စစ်တာ။ အမှန်ကတော့ ထွက်ပြေးစရာ အကြောင်းမရှိဘူး၊ ရွာသားတွေက ကျနော်တို့တပ်တွေ ရောက်လာလို့ တိုက်ပွဲဖြစ်မှာကို ကြောက်လို့ ရှောင်သွားရင် ကျနော်တို့လည်း မတတ်နိုင်ဘူး” လို့ ပြောပါတယ်။
ကျန်ရှိနေသူတွေကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ရခိုင့်ဦးဆောင်ပါတီမှ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံအရပ်ဘက်အဖွဲ့တွေနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့က သွားရောက်ကယ်ထုတ်ခဲ့ကြတာပါ။
သောင်းဒရားကျေးရွာသား ကိုမောင်လှသိန်းက “အခု ကျနော်တို့ ကျွဲ၊ နွားတွေနဲ့ တောထဲမှာ တဲထိုး နေထိုင်နေပါတယ်။ ကျွဲ၊ နွားတွေကို လွှတ်လိုက်ရင် မရိတ်သိမ်းရသေးတဲ့ စပါးတွေကို စားလိုက်မှာပါ။ မရိတ်သိမ်းရသေးတဲ့ လယ်ဧက ၈၀၀ လောက်ကျန်ပါသေးတယ်။ အချို့လယ်တွေက စပါးရိတ်ပြီးပေမယ့် တလင်းပြင်မှာ ကောက်လှိုင်းတွေ ဒီအတိုင်းပါ။ မိုးသာ အများကြီး ရွာရင် စပါးတွေ အားလုံးပျက်စီးနိုင်ပါတယ်” လို့ ပြောပါတယ်။
ရတောင်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ကျေးရွာ ၃၂ ရွာက လူဦးရေ ၂ သောင်းလောက် ထွက်ပြေးနေရတယ်လို့ ရသေ့တောင် လူမှုကူညီရေးအသင်းတွေရဲ့ စာရင်းအရ သိရပါတယ်။
ကောင်းကောင်း