“ဖမ်းဆီး နှိပ်စက်ပြီးမကြာခင်မှာပဲ သတ်လိုက်တယ်”- ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့်မေးမြန်းချက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းကို အေအေအဖွဲ့က ဖမ်းဆီးနှိပ်စက်ပြီး သတ်ပြစ်လိုက်တာဖြစ်တယ်လို့  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ မေးမြန်းချက် အပြည့်အစုံ   မေး။ အေအေက ဖမ်းထားတဲ့ ဘူးသီးတောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌသေဆုံးသွားတာ တပ်မတော်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့်လို့ အေအေဘက်က ထုတ်ပြန်ထားတယ်။ အဲဒီနေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲအခြေအအနေက ဘယ်လောက်ထိ ပြင်းထန်ခဲ့လဲခင်ဗျာ။  ဖြေ။ “သူတို့ကတော့ ကလိမ်ကကျစ်ထုတ်ပြန်နေကြပါ။ အိန္ဒိယနိုင်ငံသား တယောက်သေတုန်းကလည်း အမောဖောက်ပြီး သေဆုံးတယ်ဆိုတဲ့ အရာမျိုးပေါ့။ ပြီးတော့ မီးသတ်သမားတွေ ဖမ်းသွားတုန်းကလည်းအကုန်လုံးထိန်းသိမ်း ထားတယ်ပေါ့။ ပြန်လွတ်လာတော့ တယောက်က ရေတောင်းသောက်ပြီး သေသွားတယ်လို့ ထုတ်ပြန်နေကြပေါ့။” “အခုဖြစ်စဉ်မှာလည်း ဒီဇင်ဘာ ၂၄ ရက်နေ့ ၂၅ ရက်နေ့တွေမှာ ဘူးသီးတောင်မှာ ထိတွေ့ တိုက်ပွဲမရှိခဲ့ပါဘူး။ ၂၄ ရက် နေ့က လဝက ဝန်ထမ်းတွ ဖမ်းဆီးသွား တဲ့ဖြစ်စဉ်နောက်ပိုင်းမှာ မရှိဘူး။ ၂၄ ရက်၂၅ ရက်နေ့တွေမှာ ရခိုင်တပြည်လုံးဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာ ပလက်ဝဘက်ကိုသွားတဲ့ ကုလားတန်မြစ်ရဲ့ဘေးမှာရှိတဲ့ နှုံးဘူးစခန်းမှာရှိခဲ့တယ်။ အဲဒီစခန်းက ဒီလ ၁၇ ၊ ၁၈ ၊ ၁၉ ရက်နေ့တွေမှာအေအေဝင်တိုက်ခဲ့တဲ့စခန်း။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အိုင်စီဂျေမှာ ပြောတုန်းက သာလွန်အင်အားတွေနဲ့ ပလက်ဝနဲ့ ရခိုင်ပြည်နယ် မင်းပြားမှာ တိုက်ခိုက်နေတယ်လို့ပြောခဲ့တဲ့ စခန်းပေါ့။ အဲဒီစခန်းကို ၂၄ ရက် ၂၅ ရက်မှာ တိုက်ခိုက်ခဲ့တာရှိတယ်။ အမ်းချောင်းဘက်က တိုက်ခိုက်ခဲ့တာရှိတယ်။ ကျန်တာမရှိပါဘူး။” “အဲဒါကြောင့်သူတို့ လက်နက်ကြီးကျတယ်ဆိုတာ လုပ်ကြံပြောနေတာပါ။ လက်နက်ကြီး ကျည်ဆိုတာကလည်း အဲဒီလူတယောက်တည်းအပေါ်ကို မှန်တယ်ဆိုတာလည်း အကြောင်းမရှိပါဘူးဗျာ။ လက်နက်ကြီးရဲ့ သဘောအရဆိုရင်လည်း ဒါလုပ်ကြံပြောဆိုတာလို့ပဲ ပြောချင်ပါတယ်။” မေး၊ ။ဒါဆိုရင် အေအေထုတ်ပြန်တဲ့ ၂၅ ရက်နေ့က တိုက်ပွဲကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မောင်တောမြို့နယ် ဥက္ကဋ္ဌ သေဆုံးသွားတယ်ဆိုတဲ့ နေရာမှာ တိုက်ပွဲမရှိခဲ့ဘူးလို့ပ ပြောချင်တာလားခင်ဗျာ။ ဖြေ။ ။ “မှန်ပါတယ်။ အရင်ကတည်းက ကျနော်တို့ ဒေသခံတွေဆီကရရှိထားတဲ့  သတင်းလဲရှိပါတယ်။ ဖမ်းဆီးနှိပ်စက်ပြီး မကြာခင်မှာပဲ သတ်လိုက်တယ်ဆိုတဲ့ ဒေသခံ သတင်းရရှိထားပြီးဖြစ်ပါတယ်။ အဲဒီ ဥက္ကဋ္ဌ အဖမ်းမခံရခင်အချိန်ကတည်းက အေအေရဲ့ ခြိမ်းခြောက်မှုခံထားရတယ်လို့လည်း သိထားပါတယ်။” မေး။ ။ဒါဆိုရင် အေအေဘက်မှာ ဖမ်းခံထားရတဲ့သူတွေအတွက် ဘယ်လောက်ထိ စိုးရိမ်ဖို့ကောင်းတဲ့ အခြေအနေမှာရှိနေလဲ။ ဖြေ။ ။ “ဒီအဖွဲ့က တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့မတူဘူး။ တရားလက်လွတ်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ တပ်မတော်အနေနဲ့ကတော့ အဖမ်းခံထားရတဲ့သူတွေအတွက် သတင်းအဆက်မပြတ် စုံစမ်းတာတွေ လုပ်ဆောင်သင့်တာတွေ လုပ်ဆောင်နေတာရှိတယ်။ စောစောကပြောသလို တရားဥပဒေမဲ့လုပ်ဆောင်ပြီး လက်ရဲဇက်ရဲ အဖွဲ့တွေထဲမှာ ထိပ်ဆုံးက အဖွဲ့ဆိုတော့ စိုးရိမ်စရာတော့ ကောင်းပါတယ်။” မေး။ အေအေအဖွဲ့ရဲ့ လုပ်ကိုင်ဆောင်ရွက်နေပုံက ရခိုင်ပြည်နယ်မှာ အစိုးရထိန်းချုပ်မှု ပျက်ပြားအောင်လုပ် ဆောင်နေတာလို့ သုံးသပ်တာတွေရှိတော့ မြေပြင်မှာဖြစ်နေတဲ့အခြေနေပေါ်ကို တပ်မတော်က ဘယ်လိုထင်ပါသလဲ။ ဖြေ။ ။ “ မှန်ပါတယ်။ အဓိကသူတို့ရည်ရွယ်ချက်က ကျနော်တို့ ပြောပြီးသားဖြစ်တယ်။ တချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာလည်း ဆက်ကြေးကောက်တာတွေရှိတယ်။ ဒေသတွင်းမှာနေတဲ့သူတွေကို အခွန်ပေးရမယ် မပေးရင် ဘယ်လိုလုပ်မယ်ဆိုတဲ့ တရားဝင်ထုတ်ပြန်တာတော့မရှိဘူး။ အေအေကတော့ ဒါမျိုးလုပ်ဆောင်နေတာရှိတယ်။ သူတို့လည်း တရားဝင်ပြောထားတာရှိတယ်။ ၂၀၂၀ မှာ ပြည်သူ့အာဏာပိုင် အဖွဲ့အစည်းလုပ်ဆောင်မယ်လို့ပြောထားတာရှိတယ်။ ဒါက အစိုးရရဲ့အုပ်ချုပ်မှုယန္တရားကို တိုက်ရိုက်ထိခိုက်ရုံတင်မကပဲ တိုက်ရိုက်အစားထိုးလိုက်တဲ့လုပ်ငန်းပဲ။ အစိုးရရဲ့အုပ်ချုပ်မှု ယန္တရား လုပ်ဆောင်မှုမရအောင်လုပ်တဲ့ ရည်ရွယ်ချက်ပါပဲ။” မေး။ အေအေအဖွဲ့အနေနဲ့ ဒီနှစ်ပိုင်းလေးအတွင်းမှာ တပ်မတော်က ရှင်းလင်းမှု တွေလုပ်နေတဲ့ အချိန်မှာဘဲ ရခိုင်ပြည်နယ်မှာ နယ်မြေစိုးမိုးမှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာနိုင်တာက ဘာကြောင့်လဲခင်ဗျာ။ ဖြေ။ ။ “ တခြားတိုင်းရင်းသားအဖွဲ့အစည်းတွေ ပြောသလို တန်းတူအခွင့်အရေးရရေးဆိုပြီး ပြောတာရှိတယ်။ ဒါပေမယ့် သူတို့တကယ်လုပ်နေတာကလူမျိုးရေးပဲ။ လူမျိုးရေးကွဲပြားမှု မုန်းတီးမှုကို ဖန်တီးပြီး သူတို့ရည်ရွယ်ချက် ကိုဖော်ဆောင်နေတာရှိတယ်။ တခြားအဖွဲ့တွေနဲ့မတူတာက အဲဒီအချက်ပဲ။ နယ်မြေဒေသဆိုတာထက် လူမျိုးရေးကို ဦးတည်လာတယ် နောက်တစ်ခုကအကြောက်တရားပေါ့။ သူတို့ကို မထောက်ခံရင် ရခိုင်လူမျိုးအချင်းချင်း သတ်ဖြတ်တာတွေ၊ လက်တွေ့အပြစ်ပေးတာတွေရှိတယ်။ ဒါတွေကို တပ်မတော်က ထုတ်ပြန်နိုင်ခဲ့တဲ့သတင်း တွေရှိတယ်။ မထုတ်ပြန်နိုင်ပဲ သူတို့ဘက်ကနေ ပေါက်ကြားလာတဲ့ သတင်းတွေရှိတယ်။ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ရွာသူရွာသား လက်လုပ်လက်စားတွေကို စည်းရုံး နိုင်တာကြောင့်လည်း အခုလိုမျိုးကျယ်ပြန့်လာတာဖြစ်ပါတယ်။ လူမျိုးရေးနဲ့ အကြောက်တရားတွေကြောင့် အခုလိုအခြေနေမျိုးရောက်လာတယ်လို့ သုံးသပ်ပါတယ်။”   မေး။ အေအေဘက်ကပြောထားတာကတော့ ရခိုင်ပြည်နယ်တိုက်ပွဲမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်သားတွေအနေနဲ့ အကြောက်တရားတွေရှိနေပြီလို့ပြောထားတယ်ခင်ဗျာ။ သူတို့ပြောသလို ဟုတ်သလား” ဖြေ။ ။ “တိုက်ပွဲတွေဖြစ်နေတော့ အကြောက်တရားကတော့ နှစ်ဘက်လုံးမှာရှိပါတယ်။ ဒါကို ကျနော်တို့ မငြင်းပါဘူး။ မငြင်းဘူးဆိုတာက လက်တွေ့စစ်မြေပြင်မှာရှိနေတဲ့ စစ်သည်တွေမှာတော့ ပုဂ္ဂလိက ခံစားချက် အကြောက် တရားဆိုတာက ဘက်နှစ်ဘက်လုံးမှာ ရှိတယ်။ အင်အားသာတဲ့ အဖွဲ့အစည်းဖြစ်ဖြစ် နည်းတဲ့သူပဲဖြစ်ဖြစ် စိုးရိမ်မှုတွေတော့ရှိကြမှာအမှန်ဘဲ။” “တပ်မတော်အနေနဲ့ သောင်းကျန်းသူနှိမ်နင်းရေးလုပ်တဲ့အခါမှာ စောစောက ပြောခဲ့တဲ့ အခက်ခဲတွေတော့ရှိတာပေါ့။ ရွာသူရွာသားအယောင်ဆောင်ပြီးတိုက်ခိုက်တာ မိုင်းဆွဲတိုက်ခိုက်တာ  စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ဖို့အမြဲတမ်းညွှန်ကြားနေတာဖြစ်လို့ စစ်မြေပြင်လုပ်နေတဲ့ စစ်သည်တွေအတွက် အခက်ခဲဖြစ်စေတယ်။ ရွာတရွာကို ဖြတ်သွားနေတဲ့အချိန် ဘေးက မသင်္ကာစရာလူဖြစ်နေတယ်ဆိုတာ သိနေတဲ့တိုင်အောင် ကျနော်တို့ ပစ်လို့မရဘူး။ သူတို့က စပစ်မှသောင်းကျန်းသူဆိုပြီးပစ်တယ်။ ပစ်တဲ့အချိန်မှာ ရွာထဲဝင်ပြေးတယ်။ အဲဒီလူဒဏ်ရာရသွားတယ်ဆိုရင်တောင် သေနတ်ဖွက်ပြီး ရွာသူရွာသားပါဆိုပြီး ထုတ်ပြန်တာမျိုး တွေရှိတယ်။ ဒါမျိုးတွေ လက်တွေ့ဖြစ်နေတာဖြစ်လို့ အကြောက်တရားတို့ စိုးရိမ်မှုတို့ဆိုတာမငြင်းပါဘူး။ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော် နိုင်ငံတော် အချုပ်အခြာကို ကာကွယ်နေရတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့  စော စောကပြောသလို မလုပ်ရဲ မကိုင်ရဲလောက်ဖြစ်နေတဲ့အထိ အကြောက်တရားမျိုးတော့ ရှိနိုင်စရာမရှိပါဘူး။” မေး။ ။လက်ရှိအချိန်အထိ တပ်မတော်ဘက်က ရှင်းလင်းမှုတွေလုပ်နေရတာဆိုတော့ ဒီအချက်တွေအပြင် ဘာတွေရှိနေသေးလဲ။ ဖြေ။ ။ “တခြားအခက်ခဲကတော့ စစ်ဆင်ရေးဆောင်ရွက်တဲ့အခါမှာ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ပြည်သူလူထုရဲ့ပူးပေါင်းဆောင်ရွက်မှုက အကြောက်တရားကြောင့် ဖြစ်စေ၊ လူမျိုးရေးမှိုင်းတိုက်ခံရလို့ဖြစ်စေ လျော့နည်း နေတာမျိုးရှိပါတယ်။ ဒီလို လျော့နည်းနေတာကလည်း အခက်ခဲတခုပါပဲ”  မေး။ ဒေသခံလူထုက ပူးပေါင်းဆောင်ရွက်မပေးရင် တပ်မတော်ဘက်ကဆောင်ရွက်နေတဲ့ နယ်မြေရှင်းလင်းမှုက ခက်ခဲနေအုံးမယ်လို့ဆိုလိုတာလားခင်ဗျာ။ ဖြေ။ ။ “ဟုတ်ပါတယ်။” မေး။ ရခိုင်ပြည်နယ်ထဲမှာ အေအေနဲ့တပ်မတော်တိုက်ပွဲဖြစ်နေတာက ၂၀၁၈ နှစ်ကုန်ပိုင်းလောက်ကတည်းကဆိုတော့ သူတို့အဖွဲ့တွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေက ဘယ်ကနေ ပို့နေသလဲဆိုတာကို တပ်မတော်ဘက်ကသိထားတာရှိသလား။ ဖြေ။ ။ “ရရှိမှုရှိပါတယ်။ တရားဝင်သတင်းမထုတ်ပြန်ပေမယ့် အေအေဘက်က အလင်းဝင်လာတဲ့သူတွေ တိုက်ပွဲအတွင်းမှာ ဖမ်းမိတဲ့သူတွေ၊ ရာထူးအဆင့်မြင့်တဲ့သူတွေ ဖမ်းမိတဲ့သူတွေဆီက သတင်းဖော်ထုတ်မှုအရ လမ်းကြောင်းတွေရှိပါတယ်။ ကျနော်တို့ ထင်တဲ့လမ်းကြောင်းတင်မကပါဘူး။ နောက်ထပ် နှစ်ကြောင်း သုံးကြောင်းလည်း ရှိပါတယ်။ အဲဒီလမ်းကြောင်းတွေကိုလည်း တပ်မတော်ကထိန်းချုပ်နိုင်ဖို့ဆောင်ရွက်နေတာရှိပါတယ်။” “ဥပမာအနေနဲ့ ပြောရရင် ဒီလပိုင်းအတွင်းမှာ တပ်မတော်ကလုံခြုံရေးဆောင်ရွက်နေတဲ့ အမ်းဘက်မှာရှိတဲ့ ယွန်းချောင်းတံတား ဆိုရင်  လေးကြိမ်လောက်လာတိုက်တာခံရပြီးဖြစ်ပါတယ်။ ဘာကြောင့်လာတိုက်တာလဲဆိုရင် ဒီလမ်းကြောင်းက လူထုရဲ့ ဆက်သွယ်ရေးလမ်းကြောင်းမှာ အဓိကကျနေလို့ဖြစ်တယ်။ တောင်နဲ့မြောက်နဲ့ဆက်သွယ်တဲ့လမ်းကြောင်း အရှေ့နဲ့အနောက်ဆက်သွယ်တဲ့လမ်းကြောင်းဖြစ်တယ်။ ဒါတွေကိုထိန်းချုပ်ထားလို့ လာတိုက်နေတာတွေရှိတယ်။ နှုံးဘူးစခန်းဆိုလဲ ပလက်ဝအခြမ်းနဲ့ ဒီဘက်ခြမ်းက ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်တဲ့အတွက် လုပ်ဆောင်နေတာရှိပါတယ်။ လမ်းကြောင်းအတိအကျကိုတော့ပြောနိုင်ခြင်းမရှိဘူး။ အခု ဥပမာ နှစ်ခုလောက်တော့ ပြောပြနိုင်ပါတယ်။” မေး။ နယ်စပ်ဘက်ကလာတဲ့ လမ်းကြောင်းရော ရှိသလားခင်ဗျာ။ ဖြေ။ ။ “ရှိနိုင်ပါတယ်။ သို့သော်လည်း ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံတွေလည်း မြန်မာနိုင်ငံက ထားရှိတဲ့မူဝါဒ အတိုင်းပါပဲ။ တချို့ဆိုရင် ပူးပေါင်းဆောင်ရွက်နေတာရှိပါတယ်။ သူတို့နိုင်ငံဘက်မှာ ဆန့်ကျင်တဲ့အဖွဲ့တွေကိုလည်း ကျနော်တို့က လက်ခံတာမရှိပါဘူး။ ကျနော်တို့ဘက်ကို ဆန့်ကျင်နေတဲ့ သောင်းကျန်းသူအဖွဲ့တွေကိုလည်း  သူတို့ ကလက်ခံတာမရှိပါဘူး။ ဒီလိုပူးပေါင်းဆောင်ရွက်နေတာတော့ရှိပါတယ်။” မေး။ လက်ရှိတိုက်ပွဲအတွင်းမှာ သေဆုံးထိခိုက်ဒဏ်ရာရရှိနေတဲ့သူတွေရဲ့စာရင်းအတိအကျ ထုတ်ပြန်ပေးဖို့ ရှိပါသလား။ ဖြေ။ ။ “လောလောဆယ်မရှိသေးပါဘူး။ တပ်မတော်အနေနဲ့ စစ်ဆင်ရေးနဲ့ပတ်သက်လာရင် စစ်ဆင်ရေးတခုလုံးပြီးသွားရင်တော့ မှတ်တမ်းအနေနဲ့ ထုတ်ပြန်တာရှိပါတယ်။ အခုဖြစ်ပွားနေဆဲ အချိန်မှာတော့ ထုတ်ပြန်ဖို့ မရှိသေးပါဘူးခင်ဗျာ။” မေး။ အေအေဘက်ကဖမ်းမိတဲ့သူဘယ်လောက်ရှိပြီး ရာထူးအဆင့်မြင့်တဲ့သူ ဘယ်လောက်ဖမ်းမိထားသလဲ ဆိုတာကိုရော ပြောလို့ရမလားခင်ဗျာ ဖြေ။။ “ရှိတယ်ဆိုတာလောက်ပဲ ပြောလို့ရပါတယ်။ စစ်ကြောသတင်းဖော်ထုတ်ရရှိပြီး လို့ပဲပြောလို့ရပါမယ်ခင်ဗျာ” မေး။ အမျိုးသားလွှတ်တော်အမတ်အဖမ်းခံရတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဘာသတင်းတွေစုံ စမ်းရရှိထားတာရှိပါသလဲ။ ဖြေ။ ။ “ကျနော်ပြောနိုင်တာကတော့ သတင်းဆက်စုံစမ်းဆဲပဲ လို့ပြောနိုင်ပါတယ်။ ရရှိထားတဲ့သတင်းတွေတော့ရှိတယ်။ အတည်ပြုနိုင်တဲ့အထိတော့ မရောက်သေးလို့ ထုတ်ပြောလို့မရသေးပါဘူးခင်ဗျာ။” မေး။ အေအေအဖွဲ့ဌာနချုပ်က ကချင်ပြည်နယ်မှာရှိနေပြီး တိုက်ပွဲဖြစ်နေတာက ရခိုင်ပြည်နယ်မှာဖြစ်နေတာဆိုတော့ အေအေအဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုက ချီတက်ရာလမ်းကြောင်းတွေက ဘယ်ကနေသွားလာလှုပ်ရှား နေတယ်လို့ တပ်မတော်က သိရှိထားပါသလဲ။ ရခိုင်ပြည်နယ်ထဲမှာ အေအေအင်အားဘယ်လောက်ရှိနေတယ် လို့ သိထားပါသလဲ။ ဖြေ။ ။ “အဓိက ကျနော်ပြောနိုင်တာက လက်နက်တွေနဲ့ပတ်သက်တဲ့ ၂၀၁၅ မတိုင်ခင်ကတည်းက ရခိုင်ပြည်နယ်ထဲမှာ မိခဲ့တာတွေရှိတယ်။ မမိခဲ့တာတွေလည်းရှိတယ်။ လမ်းကြောင်းတွေကတော့ ပြည်တွင်းကပို့တာရှိတယ်။ ပြည်ပကနေပတ်ပြီးပို့တဲ့လမ်းကြောင်းရှိတယ်။ ပြည်တွင်းထဲက ပို့တာတွေကို ကြိုသိခဲ့လို့ ထိန်းချုပ်နိုင်ခဲ့တာတွေရှိတယ်။ ပြည်ပက ပတ်ပို့တဲ့လမ်းကြောင်းကတော့ သူတို့ဆီမှာရောက်နေတဲ့လက်နက်တွေရောခဲယမ်းတွေရောကို ကြည့်ရင် အဲဒီလမ်းကြောင်းက ဝင်တယ်လို့ပဲပြောချင်ပါတယ်။” “စစ်သည်အင်အားတွေဝင်လာတာရှိတယ်။ လက်နက် တွေကို လမ်းကြောင်းတစ်ခုပို့ပြီး ဝင်လာတာရှိတယ်။ အင်အားကတော့ အရင်တုန်းက သင်တန်းတက်ပြီး အဓိက အင်အားစုကတော့ ကျေးရွာမှာရှိတဲ့သူတွေပဲများပါတယ်။ အရင်ဒေသခံ ကျေးရွာမှာရှိတဲ့ သူတွေကို စည်းရုံးပြီးတော့ ဆောင်ရွက်တာရှိပါတယ်။ တပ်ဖွဲ့ဝင်အင်အား ၅၀၀၀ ကျော် ၁၀၀၀၀ နီးပါးရှိနေတယ်လို့တော့ ခန့်မှန်းထားပါတယ်။” “သူတို့ရဲ့ တိုက်ခိုက်ရေး အင်အားတွေတော့မဟုတ်ပါဘူး။  ဒါက ဒေသခံအင်အားတွေပါ စည်းရုံးထားတဲ့အနေအထားတွေလို့ မှန်းလို့ရပါတယ်။ ဒီလထဲမှာပဲ အေအေအင်အား ၅၀၀ နီးပါးနဲ့ တိုက်ခိုက်ခဲ့တာတွေရှိတယ်။ အဲလိုတိုက်တဲ့အခါမှာ လက်နက်ကိုင်တဲ့အင်အားကတော့ တစ်ဝက်နီးပါးလောက်တော့ရှိနိုင်ပါတယ်။ ကျန်တာတွေကတော့ အထောက်အကူအနေနဲ့ အနောက်ကနေပါလာတဲ့ အင်အားမျိုးတွေ့ရပါတယ်။ ဒါတွေကိုကြည့်ရင် လက်နက်ကိုင် ထားတဲ့အင်အား မကိုင်ထားတဲ့အင်အား ပေါင်းလိုက်ရင် ၁၀၀၀၀ နီးပါးရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ လက်နက်ကိုင်ထားတဲ့အင်အား ကတော့ ၅၀၀၀ ကျော်လောက်ရှိနေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။” မေး။ ရခိုင်ပြည်နယ်တောင်ပိုင်းကို စစ်ပွဲတွေမပြန့်လာဖို့အတွက် တပ်မတော်က ဘယ်လိုဆောင်ရွက်ထားတာ ရှိပါသလဲ။ ဖြေ။ ။ “ရခိုင်ပြည်နယ်တောင်ပိုင်းအခြေအနေနဲ့ပတ်သက်ပြီး သူတို့တွေ ထိုးဖောက် ဝင်ရောက်မှုတွေ မရှိဘူးလို့ မငြင်းနိုင်ပါဘူး။ ထိုးဖောက်ဝင်ရောက်မှုတွေလည်းရှိပါတယ်။ မြောက်ပိုင်းမှာဖြစ်နေတာတွေကို တောင်ပိုင်းကိုမကူးလာဖို့အတွက်ကလည်း ဒေသခံလူထုပေါ်မှာ လည်း မူတည်လိမ့်မယ်လို့ထင်ပါတယ်။ တပ်မတော်အနေနဲ့ရခိုင်ပြည်နယ် တောင်ပိုင်းကို မကူးဆက်လာဖို့ အတွက် ကြိုတင်စီမံသင့်တာတွေကိုတော့စီမံထားတာရှိပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up