Home
မြန်မာသတင်း
ရဲဘော်သုံးကျိပ်ဝင်များကဲ့သို့  ရဲဘော်ရဲဘက်စိတ်ရှိရကြရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း 
DVB
·
December 27, 2019
ရဲဘော်သုံးကျိပ်ဝင်တွေကို သတိရတယ်ဆိုရင် ရဲဘော်ရဲဘက်စိတ်ကို သတိရဖို့ လိုတဲ့အကြောင်းနဲ့ နိုင်ငံ့အကျိုးထမ်းဆောင်တဲ့နေရာမှာ ရဲဘော်ရဲဘက်စိတ်ရှိရမှာ ဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။  ရဲဘော်သုံးကျိပ်မိသားစုသာရေးနာရေးအဖွဲ့ (၃၂) ကြိမ်မြောက် မိသားစုမိတ်ဆုံစားပွဲကို ဒီဇင်ဘာလ ၂၆ ရက် ညပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ Grand Mercure Yangon Golden Empire ဟိုတယ်မှာ ကျင်းပရာ   ရဲဘော် သုံးကျိပ်ဝင် ဗိုလ်တေဇ ( ဗိုလ်ချုပ်အောင်ဆန်း) ရဲ့ သမီးက ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာလို့ အစိုးရ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။  ဒေါ်အောင်ဆန်းစုကြည်က “ရဲဘော်ရဲဘက် ၃၀ ကနေစပြီး မြန်မာနိုင်ငံရဲ့ တပ်မတော်ကြီးက ပေါက်ဖွားလာတာပါ။ အခုဆိုရင် သိန်းနဲ့ချီပြီး အင်အားရှိနေပါပြီ။ နောက်ဆုံးကျတော့ ဘယ်အဖွဲ့အစည်း မဆို အဓိကအင်အားက စိတ်ဓာတ် အင်အားပါပဲ။ စိတ်ဓာတ်အင်အားနဲ့ တခြားဘာနဲ့မှ ယှဉ်လို့မရပါဘူး။ ဘယ်လိုပဲ တခြားရုပ်ပိုင်းဆိုင်ရာ အင်အားတွေ ကြီးမားကြီးမား၊ စိတ်ဓာတ်အင်အား မရှိလို့ကတော့ အဖွဲ့အစည်းတစ်ခုဟာ အောင်မြင် မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အထူး သဖြင့် နိုင်ငံ့အကျိုးထမ်းဆောင်တဲ့နေရာမှာဆိုရင် အောင်မြင်မှုဆိုတာဟာ ရဲဘော်ရဲဘက်စိတ်က အင်မတန်မှ အရေးကြီးပါတယ်။ ရဲဘော်ရဲဘက် စိတ်ဆိုတာ နောက်ဆုံးကျတော့ ကိုယ့်အုပ်စုအဖွဲ့ထဲကနေစပြီးတော့ တစ်နိုင်ငံလုံးကို ပြန့်ရတာပါ။ တစ်နိုင်ငံလုံးအပေါ်မှာ ရဲဘော်ရဲဘက် စိတ်ရှိရမယ်။ ကိုယ့်နိုင်ငံသူ နိုင်ငံ သားတွေအားလုံးကို ကိုယ့်ရဲ့ ရဲဘော် ရဲဘက်အရင်းအချာတွေလို စိတ်ထဲမှာ ထားနိုင်ရမယ်။ ကိုယ့်ရဲ့ သွေးရင်း သားရင်းတွေထက်တောင်မှ ပိုပြီးတော့ တန်ဖိုးထားရမယ်။”လို့ ပြောပါတယ်။ ရဲဘော်သုံးကျိပ်ဝင်တွေကို အမှတ်တရရှိနေတယ်ဆိုရင် သူတို့ရဲ့ရည်ရွယ်ချက်တွေ၊ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အားလုံးဝိုင်းဝန်း ပြီးလုပ်နိုင်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောသွားပါတယ်။ တွေ့ဆုံပွဲမှဦ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၏ သမီးဖြစ်သူ ဒေါက်တာ ခင်လက်ျာ၊ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်ရဲ့ သမီး ဒေါ်ရဲမာမော်နိုင်၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေဝင်းရဲ့ သမီး ဒေါ်ခင်စန္ဒာဝင်း၊ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်ရဲ့သား ဦးကျော်ကျော်နဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်ရဲ့သား  ဦးမောင်မောင်ကြီးတို့ကလည်းအမှာစကားတွေ အသီးသီးပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် ရဲဘော်သုံးကျိပ်မိသားစု သာရေးနာရေးအဖွဲ့က ပေးအပ်ချီးမြှင့် တဲ့ ပညာရည်ချွန်ဆုတွေကိုလည်း ဆုရရှိသူတဲ့ ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ မျိုးဆက် ကလေးငယ်တွေကို  ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်မိသားစုသာရေးနာရေးအဖွဲ့ကို ရဲဘော်သုံးကျိပ်ဝင် ၉ ဦးက ဦးဆောင်ပြီး ၁၉၈၃ ဒီဇင်ဘာ ၂၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့မှာ အသက် ၉၄ နှစ်အရွယ်ရှိ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်ဆွေရဲ့ဇနီး ဒေါ်ကြည်ကြည်ဝင်းတဦးသာ သက်ရှိထင်ရှား ကျန်ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024