DVB Logo
Home
မြန်မာသတင်း
အက်စတာ၊ အေးမြဖြူနဲ့ ဘင်ဂျမင်-မြန်မာအိုင်ဒေါ Winner ဘယ်သူဖြစ်မလဲ
DVB
·
December 27, 2019
Donate to DVB

ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ အဆုံးအဖြတ်ပေးတော့မယ့် မြန်မာအိုင်ဒေါ Grand Final ညဟာ မကြာခင်မှာ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ဒီအဆင့်မှာတော့ ပြိုင်ပွဲဝင်တွေထဲက Finalists ၃ ယောက်ဖြစ်ကြတဲ့ အက်စတာ ဒေါ့သ်ချင်းဆုန်၊ အေးမြဖြူနဲ့ ဘင်ဂျမင်ဆုန်းတို့က အကြိတ်အနယ် သီဆိုယှဉ်ပြိုင်ကြရ တော့မှာဖြစ်ပြီး ပရိသတ်ရင်ခုန်သံနဲ့ တထပ်တည်းကျမကျကိုတော့ စောင့်မျှော်ရင်ခုန်ကြ ရတော့မှာပါ။

ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အကြိတ်အနယ်ရှိခဲ့ကြတဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season 4 မှာတော့ ပြိုင်ပွဲဝင် Top Finalists ၁၁ ယောက်နဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေရဲ့ စိတ်ကြိုက်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ ပထမဆုံး သီတင်း ပတ် Performance Show မှာတော့ ပြိုင်ပွဲဝင်တွေထဲက တဦးဖြစ်တဲ့ အလှမယ် ခြူးစစ် ဟန်က ပထမဆုံး နှုတ်ဆက် အိမ်ပြန်ခဲ့ရတာပါ။

ဒုတိယမြောက် သီတင်းပတ်ရဲ့ ရော့ခ်သီချင်းတွေနဲ့ ယှဉ်ပြိုင်တဲ့ညမှာတော့ နော် စေးစေးထူးက ပရိသတ်ပေးတဲ့ မဲအနည်းဆုံးနဲ့ ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာရဖို့ ဖြစ်လာချိန်မှာတော့ ဒိုင်တွေက Save လုပ်ပြီး ပြန်လည်ရွေးချယ်မှုနဲ့ နောက်တဆင့် ဆက်တက်ခဲ့တာမို့ တတိယသီတင်းပတ် တက္ကသိုလ်အမှတ်တရ သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ မဲအနည်းဆုံး ၂ ဦးဖြစ်တဲ့ နေလင်းကျော်နဲ့ နှင်းအိအိဝင်းတို့ ပြိုင်ပွဲက တဆင့်ဖြုတ်ချခဲ့ရတာပါ။

စတုတ္ထမြောက် ကန်းထရီး သီတင်းပတ်ကတော့ ပရိသတ်တွေကိုရော ဒိုင်တွေကိုပါ စိတ်လှုပ်ရှားစေခဲ့တဲ့ သီတင်းပတ် ဖြစ်ခဲ့ရပါတယ်။

တူညီတဲ့ အပြိုင်အဆိုင် ကြိုးစားမှုတွေကြားက ပြိုင်ပွဲဝင် ၈ ယောက်ထဲက Bottom 3 မှာ ထိုင်ခဲ့ရသူတွေဟာ အရင်သီတင်းပတ်တွေမှာ တခါမှ မထိုင်ခဲ့ဖူးသူတွေဖြစ်တဲ့ မြန်မာအိုင်ဒေါစတားတွေလို့တောင် တင်စားပြောဆိုကြရတဲ့ အေးမြဖြူ၊ အက်စတာဒေါ့သ် ချင်းဆုန်နဲ့ တန်ခွန်ကျော်တို့ ဖြစ်နေခဲ့ကြတာပါ။

သူတို့ ၃ ယောက်ထဲက ပရိသတ် မဲပေးတဲ့ အရေအတွက် အနည်းဆုံး တ ယောက်ကတော့ တန်ခွန်ကျော် ဖြစ်ခဲ့တာမို့ သူ့ပရိသတ်တွေအတွက်တော့ ဝမ်းနည်းစရာ ဖြစ်ခဲ့ရတာပါ။

ပဉ္စမမြောက် သီတင်းပတ်မှာတော့ စိုးလွင်လွင် သီချင်းတွေနဲ့ ပြိုင်ပွဲဝင် ၇ ယောက်က အသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီး Result Show ညမှာတော့ တဦးကတော့ သေချာပေါက် ထွက်ခွာရဖို့ ဖြစ်လာချိန်မှာတော့ ပရိသတ်ပေးတဲ့ မဲအနည်းဆုံးဖြစ်တဲ့ ထက်အဉ္ဇလီက နှုတ်ဆက်အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

ဆဋ္ဌမမြောက် သီတင်းပတ်အဖြစ် ပြိုင်ပွဲဝင် ၆ ယောက်ရဲ့ ဟေမာန်ဆောင်းသီချင်း တွေနဲ့ Result Show ညမှာတော့ ပရိသတ်ပေးတဲ့ မဲအနည်းဆုံး ၃ ယောက်အဖြစ် နာမည် ကြီးပြိုင်ပွဲဝင် အက်စတာ၊ ယောကီးနဲ့ နော်စေးစေးထူးတို့ ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံး မှာတော့ နော်စေးစေးထူးက နှုတ်ဆက်အိမ်ပြန်ခဲ့ရသူ ဖြစ်သွားခဲ့တာပါ။

သတ္တမမြောက်သီတင်းပတ်ရဲ့ ရော့ခ်သီချင်းတွေနဲ့ ညမှာတော့ Bottom 3 မှာ တိုက်ဆိုင်စွာပဲ ချင်းတိုင်းရင်းသား ပြိုင်ပွဲဝင် ၃ ယောက်ဖြစ်ကြတဲ့ ဘင်ဂျမင်ဆုန်း၊ အက်စတာဒေါ့သ်ချင်းဆုန်နဲ့ ယောကီးတို့ ထိုင်ခဲ့ကြပြီး နောက်ထပ် ထူးခြားတာကတော့ ဘင်ဂျမင်ဟာ Bottom 3 မှာ ပထမဆုံး ထိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ပထမဆုံး နောက်တဆင့် တက်ရောက်သွားခဲ့သူကို ကြေညာရာမှာ တော့ ဘင်ဂျမင်က Top 4 အဆင့်ကို ပါသွားခဲ့ပြီး နောက်တယောက်ကို ထပ်မံကြေညာ ရာမှာတော့ အက်စတာက တက်ရောက်သွားခဲ့တာမို့ ယောကီးက နှုတ်ဆက်အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။

အဋ္ဌမမြောက်သီတင်းပတ်ဖြစ်တဲ့ ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေနဲ့ စိတ်ခွန်အားဖြစ်စေ တဲ့ အကျိုးပြုသီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြတဲ့ညမှာတော့ တန်ခွန်ကျော်က Wild Card နဲ့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး Top 4 အဆင့် ပြိုင်ပွဲဝင် ၄ ယောက်ဖြစ်ကြတဲ့ အက်စတာ၊ အေးမြဖြူ၊ ဘင်ဂျမင်၊ မူးလာတို့နဲ့အတူ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် Result Show ညမှာတော့ ပြိုင်ပွဲဝင် ၅ ယောက်ထဲက ၂ ယောက်က ထွက်ခွာရမှာမို့ အားလုံးက စိတ်လှုပ်ရှားနေခဲ့ကြတာဖြစ်ပြီး နောက်ဆုံးမှာတော့ Wild Card နဲ့ ပြန်လည်ရောက်ရှိလာသူ တန်ခွန်ကျော်နဲ့ ပြိုင်ပွဲဝင် မူးလာတို့က လက်ပြအိမ်ပြန် ခဲ့ရတာပါ။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ် အမှတ်ပေးနေကြတာ ဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။

Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ကာ Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့ပါတယ်။

အခုနှစ်ရဲ့ Season 4 မှာရော ဘယ်သူတွေက Winner ဆုကို ရရှိသွားမလဲ၊ နိုင်ငံအနှံ့က ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်တွေ ထွက်ပေါ်လာဦးမလဲ ဆိုတာကိုလည်း အားလုံးက စိတ်ဝင်တစားရှိနေခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စတင်ကျင်းပခဲ့ချိန်ကတည်းက ပြိုင်ပွဲတလျှောက် အမျိုးသား Winner ဆုရှင်တွေချည်း ရရှိခဲ့ဖူးတာမို့ ၄ ယောက်မြောက် Winner ဆုရှင်က တဦးတည်း သော ချင်းတိုင်းရင်းသား ပြိုင်ပွဲဝင် ဘင်ဂျမင်က ရရှိသွားလေမလား။ အသက်အငယ်ဆုံး ပြိုင်ပွဲဝင် မြန်မာသံရော စတီရီယိုသီချင်းတွေပါ ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်သူ အေးမြဖြူက ရရှိသွားမလား။ ထူးခြားတဲ့ သီဆိုဟန်နဲ့ ကိုယ်ပိုင်စတိုင်ရှိတဲ့ အက်စတာကပဲ ရရှိသွားလေ မလားဆိုတာကတော့ ဒီဇင်ဘာ ၂၈ ရက်ညမှာ ဆက်လက် စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013