မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်မှုမရှိဟု ဂျပန်သံအမတ် အခိုင်အမာပြော
DVB
·
December 26, 2019
မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တာ မရှိဘူးလို့ ဂျပန်နိုင်ငံက အပြည့်အဝ ယုံကြည်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့ မာရုယာမက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဂျီနိုဆိုက်(လူမျိုးတုံး သတ်ဖြတ်မှု)ကျူးလွန်ခြင်း မရှိတာကို ဂျပန်နိုင်ငံက အပြည့်အဝယုံကြည်ထားသလို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အနေနဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်ကို မချဖို့ မျှော်လင့်တယ်လို့လည်း ဂျပန်သံအမတ်ကြီးက ပြောပါတယ်။
ရခိုင်ပြည်နယ်အရေးမှာ ဂျပန်နိုင်ငံရဲ့ ရပ်တည်ချက် သဘောထားနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၆ ရက်က သံအမတ်ကြီးက ရန်ကုန်မြို့ရှိ သူ့ရဲ့နေအိမ်မှာ သတင်းထောက်တွေကို ခေါ်ယူပြောဆိုခဲ့တာပါ။
နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို ရှုမြင်နေပုံတွေဟာ ဂျပန်နိုင်ငံနဲ့ ကွဲပြားနေပြီး သူ့အနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်သွားရောက်ရင်ဆိုင်ခဲ့တာကိုလည်း ချီးကျူးထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှု မရှိပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေတော့ ရှိနိုင်ကြောင်းလည်း ပြောပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) က စုံစမ်းတွေ့ရှိပါက အရေးယူဖို့ အရေးကြီးကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက တိုက်တွန်းပြောပါတယ်။
ICJမှာ ဘယ်လို ရလဒ်တွေဖြစ်လာဖြစ်လာ ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးနိုင်တာတွေကို လုပ်ဆောင်မယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
ဒါ့အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောထားတဲ့ အတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ တွေ့ရှိရင် အရေးယူမယ်ဆိုတာကို ဂျပန်အစိုးရအနေနဲ့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။
ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ်နဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့က ကိုယ်စားလှယ်တွေဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဇင်ဘာ၂၃ ရက်က ရန်ကုန်မှာ တွေ့ဆုံခဲ့ပြီး ဂျပန်အစိုးရရဲ့ သဘောထားကိုလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။
နေလင်းအောင်