ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲပြင်းထန်
ဝဏ္ဏခွာညို
·
December 26, 2019
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲမှာ အခုရက်ပိုင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး တပ်မတော်က ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။
မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားသလို ချင်းပြည်နယ်။ ပလက်ဝမြို့မှာလည်း တိုက်ပွဲတွေ ဖြစ်ခဲ့လို့ နှစ်ဖက်လုံး အကျအဆုံးရှိတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။
“ထိခိုက်ကျဆုံးမှု နှစ်ဖက်လုံးမှာရှိတယ်။ တိုက်ပွဲတွေ ပြင်းထန်တယ်။ လိုအပ်ရင်တော့ ရဟတ်ယာဉ်သုံးမှာပဲ၊ မြေပြင်တပ်က လိုအပ်ရင်တောင်းရင်သုံးမယ်။ တိုက်ပွဲကပြင်းတယ်”
ဒီဇင်ဘာ ၂၄ ရက်ထိ ရခိုင်ပြည်နယ် ၆ မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ရှိခဲ့သလို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှုံးဗူးကျေးရွာရဲ့တောင်ဘက်မှာလည်း ဒီဇင်ဘာ ၂၄ ရက်မနက်က စပြီး ညနေပိုင်းအထိတိုက်ပွဲတွေ ပြင်းပြင်းထန်းထန်ဖြစ်ပွားခဲ့ပါတယ်။
အေအေပြောခွင့်ရသူ ခိုင်သုခက “ပလက်ဝဘက်မှာဆိုရင်တိုက်ပွဲက တော်တော်ပြင်းတယ်။ မနက်ကတည်းက ဖြစ်တယ်၊ ညနေအထိပြင်းပြင်း ထန်ထန်ဖြစ်တယ်။ အဲ့ဒီမှာ ဗမာစစ်တပ်ဘက်က အကျအဆုံးတော်တော်များတယ်။ မြေပုံဘက် တိုက်ပွဲမှာ ဗမာစစ်တပ်ဘက်တော်တော်အကျ အဆုံးများတယ်။ အဲ့ဒါကြောင့် ရဟတ်ယာဉ်တွေနဲ့ပ ပစ်ကူပေးတယ်။ ပုဏ္ဏားကျွန်း ဗုဒ္ဓေါကျေးရွာအနားမှာဆိုရင် တပ်မတော်က သုံးယောက်ကျတယ်။”
ပလက်ဝမြို့နယ် နှုံးဗူးကျေးရွာနားကတိုက်ပွဲမှာ တပ်မတော်က ဂျက်တိုက်လေယောဉ် နှစ်စီးနဲ့လာရောက်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၄ ရက် မင်းပြားမြို့နယ်၊ အိုးပျဉ်းတောင် ကျေးရွာမြောက်မှာ အေအေစစ်ကြောင်းတခုနဲ့ တပ်မတော်ထိုးစစ်ကြောင်းတခုတို့ ရင်ဆိုင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
မြေပုံမြိုနယ် စညင်းရွာတောင်ဘက် ရန်ကုန်-စစ်တွေကားလမ်းမအနီးမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ တပ်မတော်က ရဟတ်ယာဉ် နှစ်စီးနဲ့ တိုက်ခိုက်ခဲ့ရသလို ဒီဇင်ဘာ ၂၄ ရက်မနက်ပိုင်းမှာလည်း ကျောက်တော်မြို့နယ်၊ ဆင်အိုးချိုင်ရွာ သစ်အနီးတပ်မတော်ရဲ့စစ်ကြောင်းတစ်ခုနဲ့တိုက်ပွဲဖြစ်ပွားရာမှာ တပ်မတော်က ၁၀ ဦး ကျဆုံးခဲ့ တယ်လို့ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောပါတယ်။
တိုက်ပွဲတွေအတွင်း ထိခိုက်ကျဆုံးဒဏ်ရာရတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကတော့ သီးခြားအတည်ပြုထုတ်ပြန်တာမတွေ့ရသေးပါဘူး။