Home
မြန်မာသတင်း
မြောက်ဦး ရှေးဟောင်းဘုရား၊ စေတီပုထိုးအချို့ လက်နက်ကြီး ထိမှန်ပျက်စီး
ဝဏ္ဏခွာညို
·
December 25, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ပေါက်တောပြင်ရွာထိပ်ရှိ ရှေးဟောင်းအမွေအနှစ်  သင်းကျစ်တော်စေတီကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဘုရား၊ စေတီပုထိုးတချို့ ပျက်စီးသွားတယ်လို့ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။ ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ဒီဗွီဘီကို ပြောပါတယ်။ “ရှေးဟောင်း သင်းကျစ်တော်ဓာတ်စေတီကို လက်နက်ကြီးကျည်တွေ ထိတယ်။ အဲဒီမှာ ဘုရား၊ စေတီပုထိုးတချို့ ပျက်စီးသွားတယ်။ ကျမတို့ သိရတာက ၁၃ ရက်နေ့ကတည်းက ပစ်နေတာလို့ သိထားတယ်။ အဲဒီမှာ ၁၆ ရက်နေ့ ၁၉ ရက်နေ့ ပစ်ခတ်နေတာ။ ပျက်စီးမှုအခြေ အနေ အတိအကျတော့ မပြောတတ်ဘူး။ သွားလည်း မသွားရဲဘူး။ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတာကို” မြောက်ဦးမြို့က အမည်မဖော်လိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးကတော့ “တပ်ရင်း ၃၇၇ တပ်ရင်းနဲ့ ၃၇၈ တပ်ရင်းတွေ လှမ်းပစ်နေတာ နေ့တိုင်းလိုလိုပဲ၊ ဒီဇင်ဘာ ၁၁ ရက်နေ့က စလို့ ပစ်နေတာ။ ၁၃ ရက်နေ့မှာ အဲဒီနေရာတဝိုက် ပစ်နေတာ တပ်မတော်က။ ၁၆ ရက်နေ့ မနားတမ်း ပစ်ခတ်တယ်။ အဲဒီတပ်တွေက လက်နက်ကြီးကျည်တွေနဲ့ သင်းကျစ်တော်ဓာတ်စေတီဘက်ကို လှမ်းပစ်တယ်” လို့ ပြောပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးမြန်းရာမှာတော့ ဘုရားကိုပစ်တာ မဟုတ်ဘဲ အဲဒီနေရာမှာ အေအေ ရှိနေတာကြောင့် ပစ်ခတ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ “ကျနော်တို့က ဘုရားကိုပစ်တာ မဟုတ်ဘူး။ အေအေသောင်းကျန်းသူတွေကို ပစ်တာ။ ကျနော်တို့ သောင်းကျန်းသူရှိတဲ့နေရာ ဆိုရင် ဘယ်နေရာမဆို ပစ်မှာပဲ ကျနော်တို့ကတော့။ မပစ်လို့ရှိရင် ကျနော်တို့ဆီကနေ ထိခိုက်ဒဏ်ရာရတာရှိမှာ။  အဲလိုဟာမျိုး မဖြစ်စေချင်ရင်တော့ ပြောတဲ့ဟာကို လိုက်နာဖို့ လိုတာပေါ့။ ကျနော်တို့က ဒေသခံတွေကို မေးတာပေါ့။ ကျနော်တို့ ပစ်လိုက်လို့ ဘုရားပုထိုး စေတီတွေ ဘာဖြစ်ပါတယ်၊ ညာဖြစ်ပါတယ် ဆိုပြီးတော့ ပြောတယ်။ အေအေ သောင်းကျန်းသူတွေ ရှေးဟောင်းသာသနိက အဆောက်အအုံမှာ နေပြီးမှ ဗုဒ္ဓဘာသာတွေနဲ့ လိုက်လျောညီထွေ မဖြစ်တာတွေ၊ သဟဇာတမဖြစ်တာတွေ လုပ်နေတာကျတော့ရော ပြည်သူလူထုတွေက ဘာလို့ မကန့်ကွက်ကြတာလဲ။ အေအေသောင်းကျန်းသူတွေက အဲဒီ သင်းကျစ်တော်စေတီမှာ  မိန်းမတွေနဲ့ ပျော်ပါးနေတာကျတာရော အဲဒီဒေသခံတွေက ဘာလို့မကန့်ကွက်တာလဲ၊”  ရက္ခိုင့်တပ်တော်အေအေဘက်ကတော့  မြောက်ဦးမြို့ ပေါက်တောရွာဦးရဲ့ရွာထိပ်ရှိ ရှေးဟောင်းသင်းကျစ်တော်ဓာတ်တော်မှာ နေထိုင်တာ မရှိဘူးလို့ ပြောပါတယ်။ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသမှာ ပစ်ခတ်မှုတွေကြောင့် ဘုရား၊ ပုထိုးစေတီ စတဲ့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေ ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်ရေး ထိရောက်တဲ့ အစီအမံ အဟန့်အတားတွေ ပြုလုပ်ပေးဖို့ အစိုးရကို တိုက်တွန်းတဲ့အဆို ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ ကျောက်တော်မြို့နယ် သံဃနာယကအဖွဲ့နဲ့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဘုရားပုထိုးစေတီတွေမှာ တပ်မတော်က နေရာယူပြီး ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်လို့ ကန့်ကွက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024