Home
မြန်မာသတင်း
ကချင်ပြည်နယ်နေ့ပွဲကို မြန်မာဘာသာဖြင့်ရေးသားကျင်းပရန် ပြည်နယ်အစိုးရ ညွှန်ကြား
DVB
·
December 24, 2019
ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ခေါင်းစဉ်တပ်ရာမှာ ကန့်ကွက်မှုတချို့ ရှိနေတဲ့အတွက် မြန်မာဘာသာနဲ့ပဲရေးသားကျင်းပဖို့ ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားစာ ပေးပို့ထားတယ်လို့ မနောင်ပွဲ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ  ဦးတန်ဂွန်းက ပြောပါတယ်။ “ကျနော်တို့က ဘယ်ခေါင်းစဉ်နဲ့ပဲလာလာ သူတို့ညွှန်ကြားတဲ့အတိုင်း ကျင်းပပေးရမှာ ဖြစ်တယ်။ အဓိက ကျနော်တို့က ပွဲဖြစ်မြောက်အောင်လုပ်ပေးဖို့ပဲ ဒီအပေါ်မှာတော့ ဘာမှ ပြောစရာမရှိပါဘူး”လို့ ကော်မတီဥက္ကဋ္ဌ ဦးတန်ဂွန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ၇၁ ကြိမ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားမှာ  (KACHIN MUNGDAW NHTOI) ကချင်မုန်ဒေါထွယ်လို့ ခေါင်းစဉ်တက်ခဲ့လို့ မုဒ်ဦးကို မီးရှို့ခံခဲ့ရပြီး နောက်တနေ့မှာ  (JINGHPAW MUNGDAW NHTOI) ဂျိန်ဖောမုန်ဒေါထွယ် လို့ ပြောင်းလဲပြီး ကျင်းပပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို JINGHPAW (ဂျိန်းဖော)စာသားနဲ့ ခေါင်းစဉ် ပြောင်းလဲကျင်းပပေးခဲ့တဲ့အပေါ် ကျန်တဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေက ပြန်လည်ကန့်ကွက်ခဲ့တာတွေကြောင့် ပြည်နယ်အစိုးရ အဖွဲ့က မနောင်ပွဲအပြီးမှာ ကချင်ရိုးရာမနောပွဲတော်ကြီး ကျင်းပမယ့် စာသားနဲ့ပတ်သက်ပြီး ကချင်တိုင်းရင်းသား အားလုံးပါဝင်တဲ့ ညီလာခံကျင်းပကာ အများဆန္ဒနဲ့ အညီ သဘောတူတဲ့စာသားကို ရွေးချယ်ဖို့ အသိပေး ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လက်ရှိအချိန်အထိ ညီလာခံ မလုပ်ရသေးတဲ့ အတွက် “(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့”ဆိုတဲ့ စာသားကို မြန်မာဘာသာနဲ့သာ အသုံးပြုဖို့ ပြည်နယ်အစိုးရက ဒီဇင်ဘာ ၂၃ ရက်မှာ ကော်မတီကို ညွှန်ကြားခဲ့တာပါ။ ကချင်ဘာသာမပါပဲ မြန်မာဘာသာစကားနဲ့ ပြောင်းလဲကျင်းပခဲ့ရင် ကချင်လူထု အုံကြွမှု ဖြစ်ပေါ်လာနိုင်ပြီးပွဲကို ကန့်ကွက်တာတွေကြုံရလာနိုင်တယ်လို့ ကချင်ရိုးရာ ယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ်ရဲ့ ဆက်ဆံရေးတာဝန်ခံ ကိုဇုတ်ဒေါ့စောမ်နော်က ပြောပါတယ်။ “ကချင်ပြည်နယ်က ဟိုးကတည်းက ကချင်လူမျိုးတွေရဲ့ ဘုံစာပေ၊ ဂျိန်းဖော့ စာပေဆိုတာရှိပြီးသားဆိုတော့ (JINGHPAW MUNGDAW NHTOI)  ဂျိန်ဖောမုန်ဒေါထွယ် ဆိုပြီးရေးပေးရမယ်။ အဲ့လိုမပါပဲလုပ်မယ်ဆိုရင် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြလိမ့်မယ်။ မနှစ်ကလည်းကြုံရပြီးပြီး ဒါက အစပဲရှိသေးတယ်” ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးတန်ဂွန်းကတော့ ကချင်ပြည်နယ်ရဲ့ မနောင်ပွဲဟာ ဂျိန်းဖော့ ၊လီဆူ၊ ရဝမ်၊ လာချိဒ်၊ လော်ဝေါ်၊ အဇီး စတဲ့ ကချင်မျိုးနွယ်စု ၆ မျိုးလုံးပါဝင်တဲ့ ယဉ်ကျေးမှုပွဲတော်ဖြစ်လို့ မတူတာတွေကို ခဏဖယ်ထားပြီး အားလုံးပါဝင်စေချင်တယ်လို့ ပြောပါတယ်။ ၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို လာမယ့် ဇန်နဝါရီ ၅ ရက်မှ ၁၂ ရက်အထိ ၇ ရက်တိုင်တိုင်ကျင်းပဖို့ စီစဉ်နေကြပြီး နိုင်ငံတော်သမ္မတ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေကိုလည်း ဖိတ်ကြားထားပါတယ်။ ပြီးခဲ့တဲ့ (၇၁)ကြိမ်မြောက် မနောင်ပွဲမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ သတင်း- ဟိန်းထက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024