သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံခဲ့ရမှု စွပ်စွဲခံရသူ ၃ ဦးကို အာမခံပေး
ချမ်းမြေ့မောင်
·
December 24, 2019
ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် တရားရုံးက စွပ်စွဲခံရသူ ၃ ဦးကို အာမခံပေးလိုက်ပါတယ်။
သူတို့ ၃ ဦးကို အပြင်းထန်နာကျင်စေမှုပုဒ် ၃၂၅ အရ တဦးကို ကျပ်သိန်း၁၀၀တန် အာမခံပေးလိုက်တာပါ။
သူတို့ ၃ ဦးကို လူသတ်မှု ပုဒ်မတွေနဲ့ ခရိုင်တရားရုံးက စွဲချက်တင်ခဲ့တဲ့ အပေါ် တိုင်းတရားရုံးက လူသတ်မှုပုဒ်မကနေ အပြင်းထန်နာကျင်စေမှု ပုဒ် ၃၂၅ ကို ပြောင်းလဲ အမိန့်ချခဲ့တာပါ။ ဒီပုဒ်မဟာ ဥပဒေအရ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၃ ရက်က သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင် ၂ ဦးကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ ကျော်ဇောဟန် (ခ) ကျော်ဇောကို ပုဒ်မ ၃၂၅/၁၁၄ နဲ့ ပြောင်းလဲစွဲချက်တင် အမိန့်ချမှတ်ခဲ့ပါတယ်။
သရုပ်ဆောင်အောင်ရဲထွေးဟာ ၂ဝ၁၇ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက သင်္ဃန်းကျွန်း မြို့နယ်က The One Entertainment မှာ လူတစုရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ခေါင်းမှာ ဒဏ်ရာရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၂ဝ၁၈ ဇန်နဝါရီ ၂ ရက်က သေဆုံးသွားခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင်သုံးဦးကို ဖမ်းဆီးပြီး ပုဒ်မ ၃ဝ၂ နဲ့ တရားစွဲဆိုတင်ပို့ခဲ့ကာ တရားလိုပြသက်သေတချို့ကို စစ်ဆေးခဲ့ပြီးနောက် အမှုကို ရုပ်သိမ်း ပေးခဲ့ပါတယ်။
အခုလို အမှုရုပ်သိမ်းခဲ့တာကြောင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရပါတယ်။